အီရတ်နိုင်ငံက ရှီယိုက် နိုင်ငံရေးအုပ်စုများ မဟာမိတ်ဖြစ်တဲ့ Coordination Framework မဟာမိတ်အဖွဲ့ဟာ အလီအယ်လ်ဇိုင်ဒီကို ဝန်ကြီးချုပ်ရာထူးအတွက် သူတို့ရဲ့ကိုယ်စားလှယ်အဖြစ် ဧပြီ ၂၇ ရက်မှာ အမည်စာရင်း တင်သွင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အီရတ်သမ္မတ နီဇာအာမက်ဒီဟာ အီရန်နဲ့ နီးစပ်မှုရှိပြီး လွှတ်တော်တွင်း အင်အားအကြီးဆုံးဖြစ်တဲ့ အဲဒီမဟာမိတ်အဖွဲ့ရဲ့ အမည်စာရင်းတင်သွင်းမှုကို လက်ခံခဲ့ပြီး အစိုးရသစ် ဖွဲ့စည်းဖို့အတွက် ဇိုင်ဒီကို တနင်္လာနေ့ ညနေပိုင်းမှာ ဖိတ်ခေါ်ခဲ့တယ်လို့ ရှီယိုက် ဥပဒေပြုအမတ်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အသက် ၄၀ ကျော်အရွယ် ရှိပြီဖြစ်တဲ့ ဇိုင်ဒီဟာ အီရတ်နိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ထောက်ပံ့ပေးနေတဲ့ အစိုးရရဲ့ စားနပ်ရိက္ခာ အစီအစဉ် အပါအဝင် ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုဋေကြွယ်သူဌေးတယောက် ဖြစ်ပါတယ်။
အီရတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဇိုင်ဒီဟာ ရက်ပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရယူဖို့ တင်ပြရမှာ ဖြစ်ပါတယ်။
လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အီရတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ အာဏာခွဲဝေမှုစနစ်အရ သမ္မတရာထူးကို ကာ့ဒ်လူမျိုး၊ ဝန်ကြီးချုပ်ရာထူးကို ရှီယိုက် ဘာသာဝင်နဲ့ လွှတ်တော်ဥက္ကဋ္ဌရာထူးကို ဆွန်နီ ဘာသာဝင်တို့က အသီးသီး တာဝန်ယူရတာ ဖြစ်ပါတယ်။
Source: Reuters










