DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် တပတ်အတွင်း အရပ်သား ၂၀ ဝန်းကျင် သေဆုံး
DVB
·
September 10, 2025
စစ်တပ် သတ်ဖြတ်မှုကြောင့် တပတ်အတွင်း အရပ်သား ၂၀ ဝန်းကျင် သေဆုံး
Donate to DVB

စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်ကြောင့် စက်တင်ဘာလ ပထမပတ်အတွင်း အရပ်သား အယောက် ၂၀ လောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ ၇ ရက်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ သေဆုံးထိခိုက်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ဘုတလင်၊ ဝက်လက်၊ ထီးချိုင့်၊ ပုလဲ၊ ကျွန်းလှနဲ့ ကနီမြို့နယ်တွေမှာ စက်တင်ဘာ ၁ ရက်ကနေ ၇ ရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာ ၄ ရွာကို Y12 အမျိုးအစား လေယာဉ်နဲ့ စက်တင်ဘာ ၇ ရက် ညနေခင်းပိုင်းမှာ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံ အရပ်သား ၁၀ ယောက်အထိ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ စစ်ကိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ဆိုပါတယ်။

ပဲခူးတိုင်းထဲက အုတ်ဖိုနဲ့ လက်ပံတန်းမြို့နယ်တွေက ကျေးရွာတွေကိုလည်း စက်တင်ဘာ ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ၇ တန်းကျောင်းသား အပါအဝင် အရပ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပါတယ်။

“အုတ်ဖိုမြို့နယ်ထဲမှာရှိတဲ့ ကိုင်းကြီးရွာ၊ ချင်းစုရွာနဲ့ ဒေါင်းစပါးကွင်း ကျေးရွာတွေကို စစ်တပ်ဘက်က စက်တပ်လေထီးတွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၃ ယောက် ဆုံးသွားတယ်။ အဲဒီထဲမှာ ကျောင်းသားလေးတယောက် ပါတယ်။ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ နွားတကောင်လည်း သေပါသေးတယ်။ ကိုင်းကြီးရွာက တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းက အဆောက်အအုံတွေလည်း ပျက်စီးသွားပါတယ်။ ထိခိုက်သူတွေကို ဆေးကုသမှု ပေးနေတုန်းပါပဲ။”

အဲဒီအပြင် မကွေးတိုင်း ရေစကြို၊ နတ်မောက်နဲ့ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က စက်တင်ဘာ ၁ ရက်၊ ၂ ရက်နဲ့ ၆ ရက်နေ့တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၂ ယောက် သေဆုံးပြီး အများအပြား နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ တပတ်အတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်ကြောင့် ထိခိုက်သေဆုံးမှု အခြေအနေတွေကို DVB က လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်ပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှု ၃,၃၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁,၄၈၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013