
ပိုးဟပ်တွေကို ဆေးဘက်ဆိုင်ရာလုပ်သားအဖြစ် အသွင်းပြောင်းထားတဲ့ ပါရာဘော့တွေနဲ့ ဆေးဝါး အကူအညီတွေ ပေးနိုင်အောင် ဩစတြေးလျနိုင်ငံ အင်ဂျင်နီယာတွေက စမ်းသပ်ဆောင်ရွက် နေပါတယ်။
ပုံမှန်အတိုင်းဆို ပိုးဟပ်တွေ အများကြီးက လူတွေအတွက် မသတီစရာဖြစ်ပေမဲ့ ဩစတြေးလျ လေ့လာသူတွေကတော့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရချိန် ကယ်ဆယ်ရေးလုပ်ငန်းမှာ ဆေးဝါး ပေးပို့ပြီး လူတွေကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီစမ်းသပ်ချက်တွေကို ကွင်းစလန်းနဲ့ နယူးဆောက်ဝေးလ်မှာရှိတဲ့ တက္ကသိုလ်တွေက သိပ္ပံပညာရှင် တွေက အဓိက လေ့လာနေတာ ဖြစ်ပါတယ်။
ဒီအင်းဆက်ပိုးကောင်တွေက ငလျင်ကြောင့် အဆောက်အအုံပြိုကျချိန် ပိတ်မိနေသူတွေထံ အခြေခံ ဆေးဝါးပေးပို့နိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။
ကွင်းစလန်းမြောက်ပိုင်းမှာရှိတဲ့ ပိုးဟပ်တွေဟာ ကမ္ဘာပေါ်က ပိုးဟပ်မျိုးစိတ်တွေအနက် အကြီးမားဆုံး ပိုးဟပ်တွေဖြစ်ပြီး မြေကျင်းတူးတတ်တယ်လို့ ဆိုပါတယ်။
အဲဒီပိုးဟပ်တွေပေါ်မှာ ဆေးဝါးတွေနဲ့ ကင်မရာတွေ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ အင်းဆက်တွေဟာ ဘယ်လိုမျက်နှာပြင်မျိုးမဆို သွားလာလှုပ်ရှားနိုင်စွမ်း ရှိတာကြောင့် စက်ရုပ်တွေ မလုပ်နိုင်တဲ့ စွမ်းဆောင်မှုမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။
လေ့လာချက်တွေအရ တကယ့်အပြင်မှာ အောင်မြင်အောင် လုပ်ဆောင်နိုင်မှု၊ ရှုပ်ထွေးတဲ့ မြေပြင် အခြေအနေမှာ လုပ်ဆောင်နိုင်မှု၊ အပျက်အစီးတွေကြားမှာ ဆက်သွယ်ရေး ပြတ်တောက်နိုင်မှုနဲ့ သယ်ဆောင်တဲ့ ဆေးဝါးတွေ ပျက်စီးနိုင်မှု စတာတွေက အဓိက စမ်းသပ်ချက်တွေ ဖြစ်လာမယ် လို့လည်း ဖော်ပြပါတယ်။
အင်းဆက်တွေကို အခုလို အသုံးပြုတာနဲ့ပတ်သက်ပြီး တိကျတဲ့ ဥပဒေတွေ၊ စည်းမျည်းတွေ မရှိပေမဲ့ ပိုးဟပ်တွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်တဲ့ သတ္တဝါတွေ ဖြစ်ကာ သူတို့ကို ပန်းသီးနဲ့ ယူကလစ်သစ်ရွက်အခြောက်တွေ ကျွေးတယ်လို့ ဆိုပါတယ်။
Source: Reuters











