DVB Logo
Home
နိုင်ငံတကာ
တရုတ်နှင့် အိန္ဒိယအပေါ် အခွန်တိုးကောက်ပြီး ပူတင်ကို ဖိအားပေးရန် EU ကို ထရမ့်ပ် တောင်းဆို
DVB
·
September 10, 2025
တရုတ်နှင့် အိန္ဒိယအပေါ် အခွန်တိုးကောက်ပြီး ပူတင်ကို ဖိအားပေးရန် EU ကို ထရမ့်ပ် တောင်းဆို
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်နဲ့ အိန္ဒိယအပေါ်  ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့အတွက် ဥရောပသမဂ္ဂ (EU) ကို တောင်းဆိုလိုက်ပါတယ်။

ဒါဟာ လက်ရှိ ယူကရိန်းစစ်ပွဲ ရပ်တန့်သွားအောင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပေါ်  စီးပွားရေးအရ သွယ်ဝိုက်ပြီး ဖိအားပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက် အစည်းအဝေးမှာ EU နဲ့ အမေရိကန် တာဝန်ရှိသူတွေက ရုရှားအပေါ် စီးပွားရေးဖိအား ထပ်ပြီးတိုးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ထရမ့်ပ်ဟာ ပူတင်နဲ့ အခုတပတ် ဒါမှမဟုတ် နောက်တပတ် အစောပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုဖို့ စီစဉ်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မှာ သတင်းထောက်တွေကို ဖြေဆိုပါတယ်။

တချိန်တည်းမှာ ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာသလို ထရမ့်ပ် အနေနဲ့လည်း မော်စကိုနဲ့ ကိယက်ဗ်ကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် ကြားဝင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သီတင်းပတ်ကုန်ပိုင်းမှာတော့ ရုရှားရဲ့ ယူကရိန်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ပွဲ စတင်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ဒရုန်းအစင်းရေ ၈၁၀ နဲ့ ဒုံးကျည် ၁၃ စင်းထက်မနည်း အသုံးပြုခဲ့တာ ဖြစ်ကြောင်း ယူကရိန်းက အတည်ပြုပါတယ်။

ယူကရိန်းမြို့တော် ကိယက်ဗ်မှာရှိတဲ့ အစိုးရအိမ်တော်ကိုပါ ရုရှားဒုံးကျည်တစင်းက ပထမဆုံး ထိမှန်ခဲ့တဲ့အလျောက် မော်စကိုရဲ့ ရန်လိုမှု သိသိသာသာ မြင့်တက်လာတဲ့ လက္ခဏာအဖြစ် ရှုမြင်ကြပါတယ်။

ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယဟာ ရုရှားရေနံကို အဓိကဝယ်ယူနေတဲ့ နိုင်ငံတွေဖြစ်ပြီး အဲဒီကနေရတဲ့ ဝင်ငွေကြောင့် စီးပွားရေး မပြိုလဲဘဲ ဆက်ထိန်းထားနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိယကလာမယ့် ကုန်စည်တွေကို အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု ၅၀ ရာခိုင်နှုန်းအထိ ပြီးခဲ့တဲ့လမှာ တိုး​မြှင့်ခဲ့သလို အဲဒီထဲမှာ ရုရှားနဲ့ ကုန်သွယ်မှုအတွက် ဒဏ်ခတ်တဲ့ ၂၅ ရာခိုင်နှုန်းလည်း ပါဝင်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံကြားက “ကုန်သွယ်ရေး အတားအဆီးတွေကို ဖြေရှင်းနိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်” လို့ ထရမ့်ပ်က မှတ်ချက်ပြုပါတယ်။

တဖက်မှာ ရုရှားစွမ်းအင်အပေါ် မှီခိုနေရမှုကို အဆုံးသတ်မယ်ဆိုပြီး EU အနေနဲ့ ပြောထားပေမဲ့လည်း ဥရောပရဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှု ၁၉ ရာခိုင်နှုန်း နီးပါးဟာ မော်စကိုကနေလာတာ ဖြစ်ပါတယ်။

အရင်ကတည်းက ရုရှားကို ဒီ့ထက်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ့်အကြောင်း ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။

အခုလိုမျိုး အမေရိကန်သမ္မတရဲ့ နောက်ဆုံးသတ်မှတ်ရက်နဲ့ ခြိမ်းခြောက်မှုတွေအပေါ် ပူတင် ကိုယ်တိုင် လျစ်လျူရှုနေပေမဲ့လည်း လက်ရှိအချိန်အထိ အရေးယူတာမျိုးတော့ မတွေ့ရသေးပါဘူး။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013