DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို အရေးယူပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို
DVB
·
September 10, 2025
ဝက်လက်တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို အရေးယူပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ တန်းကျောင်းသူတယောက်ကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) ရဲဘော်တယောက်က အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုဒိမ်းမှုကျူးလွန်သူကော ကျူးလွန်ခံရတဲ့ ကျောင်းသူမလေးကော ၂ ယောက်လုံးက ဝက်လက်မြို့နယ်  ရွာသာကြီးရွာခံ​တွေဖြစ်ပြီး စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ အခင်းဖြစ်ပွားခဲ့တာလို့ ဒေသခံ တယောက်က ပြောပါတယ်။

“ကလေးမလေးက (G5) ၅ တန်းကျောင်းသူလေးပါ။ ကျောင်းသွားတဲ့အချိန်တော့ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာကျောင်းက လေကြောင်းအန္တရာယ်ရှိနေလို့ ယာယီပိတ်ထားတာ။ ကလေးမလေးက ရွာထဲမှာ သူတို့မိသားစုရဲ့ တခြားကိစ္စရှိလို့ စက်ဘီးစီးလာတုန်း ဟို LPDF ရဲဘော်​က စာသင်ကျောင်းနားလေးက အိမ်တလုံးထဲကို ဇွတ်အတင်းခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တာ။ မုဒိမ်းကျင့်တဲ့ အဲဒီရဲဘော်က အသက် ၃၀ ဝန်းကျင်လောက်ရှိပြီးတော့ မုဒိမ်းကျင့်တဲ့အခါမှာလည်း ကလေးမလေး မအော်နိုင်အောင်လို့ ပါးစပ်ကို လက်နဲ့ပိတ်ထားခဲ့တယ်။ အပြင်ကို သတင်းပေါက်ကြားရင်လည်း သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်တဲ့။ အခုတော့ အဲဒီကိစ္စကို အမှုမှန်ပေါ်ဖို့နဲ့ တရားခံကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ရွာခံတွေက ဆန္ဒပြ တောင်းဆိုနေတာတွေလည်း ဆက်တိုက်ရှိနေတယ်။”

အဆိုပါ ကျောင်းသူမလေးကို အဓမ္မပြုကျင့်ခဲ့သူဟာ ရွာသာကြီးကျေးရွာက ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ လင်းမြွေကြီး LPDF ရဲ့ ရဲဘော်တယောက်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် ရဲဘော်မျိုးကို ဖြစ်ပြီး လက်ရှိသူ့ကို ဖမ်းဆီးပြီး ပလဖ  အဖွဲ့ဆီ အပ်နှံထားတယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ဆီကို အစီရင်ခံစာတင်လာတဲ့ အနေအထားအရဆိုရင် ရွာသာကြီးရွာ ပကဖ တာဝန်ခံ ကိုပေါ် တို့အဖွဲ့က တရားခံရဲဘော်ကို ဖမ်းပြီး ဝက်လက်မြို့နယ် ပလဖ ဆီကို အပ်လိုက်တယ်။ အခင်းဖြစ်တဲ့အချိန်မှာ အဲဒီရဲဘော်ဆီမှာ ယူနီဖောင်းနဲ့ သေနတ်ပါလာတယ်လို့ သိရတယ်။ ဥပဒေအရဆိုရင်တော့ တရားခံကို ကျနော်တို့ဆီအပ်ပြီး စုံခုံဖွဲ့ စစ်ဆေးတာတွေ လုပ်ပြီးရင် စစ်တရားရုံးနဲ့ သွားမှာလား၊ အရပ်ဘက်တရားရုံးနဲ့ သွားမှာလား ဆိုတာတွေ ရှိတာပေါ့။ ဒါပေမဲ့ အခုတော့ မြို့နယ် ပလဖဆီ အပ်လိုက်တော့ စစ်ဆေးအရေးယူ ဆောင်ရွက်တာတွေကို ဝက်လက်မြို့နယ် ပလဖနဲ့ ဝက်လက်မြို့နယ် ရဲဌာနကပဲ ဆက်လက်လုပ်ဆောင်သွားမှာပေါ့” လို့ DVB ကို ပြောပါတယ်။

အဆိုပါအမှုကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပလဖ) နဲ့ လင်းမြွေကြီး LPDF အဖွဲ့တွေဆီကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

​​ရွာသာကြီးတိုက်နယ်အတွင်းက ဒေသခံပြည်သူ​တွေဟာလည်း အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားခံကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့ စက်တင်ဘာ ၆ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကလည်း တရားစီရင်ရေးဌာနဘက်မှာ အခု သက်ငယ်မုဒိမ်းမှု ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့နဲ့ အဲဒီလို မလုပ်ဆောင်ပါက ပြည်သူ့တရားစီရင်ရေးဘက်ကို လွှဲပြောင်းပေးဖို့ စက်တင်ဘာ ၉ ရက်က သဘောထား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013