DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး
DVB
·
September 10, 2025
ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်က ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထက ရွာမပြင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-7 ကျောင်းသား ၂ ယောက်ဟာ စာသင်ခန်းအတွင်း စနောက် အနိုင်ကျင့်ရာကနေ ရန်ဖြစ်ကြပြီး ကျောင်းဆင်းချိန်မှာ ဓားထိုးမှု ဖြစ်ပွားကာ ကျောင်းသားတယောက် သေဆုံးခဲ့တာလို့ အခြေအနေကို သိရှိသူ ကျောက်တော်ဒေသခံ အမျိုးသား‌တယောက်က ပြောပါတယ်။

“စာသင်ခန်းမှာ စနောက်ပြီး အနိုင်ကျင့်မှု ဖြစ်ကြတာကနေ ရန်ဖြစ်ကြတာလို့ သိရတယ်။ ကလေးတွေကလည်း ငယ်ငယ်လေးပဲ ရှိကြသေးတယ်။ ၇ တန်းကျောင်းသားနှစ်ဦး ရန်ဖြစ်ကြတာကနေ ဓားထိုးမှုဖြစ်ကြတာ။ အသက်သေဆုံးသွားတဲ့ ကျောင်းသားက ခန္ဓာကိုယ်ထွားတော့ အတန်းဖော် သူငယ်ချင်းတွေကို မကြာခဏ စနောက်ပြီးတော့ အနိုင်ကျင့်မှုလုပ်တယ်လို့ ပြောကြတယ်။ အဲဒီမှာ နောက်ကျောင်းသားတဦးက မခံနိုင်တော့တာကြောင့် ကျောင်းဆင်းချိန်မှာ ကြက်သွန်လှီးတဲ့ဓားနဲ့ နှစ်ချက်ထိုးလိုက်တာလို့ သိရတယ်။ ထိုးသွင်းခံရတဲ့ ကျောင်းသားကတော့ ဆေရုံရောက်ပြီး နာရီပိုင်းအကြာမှာ ဆုံးသွားတာ။”

ဓားထိုးမှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်အောင်ကျော်မြင့် ဖြစ်ပြီး ဓားထိုးမှုကျူးလွန်ခဲ့တဲ့ အတန်းဖော်ကျောင်းသားကိုလည်း အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DLEPS တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညကလည်း မင်းပြားမြို့ရှိ ဘော်ဒါဆောင်တခုမှာ Grade-12 ကျောင်းသားတယောက် ညအချိန် အိပ်နေစဉ် မီးရှို့ခံရပြီး အသက်သေဆုံးခဲ့တယ်လို့ ပညာရေး အသိုင်းအဝန်းတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ ကျောင်းသားတွေ လူသတ်မှု ဖြစ်လာကြတာဟာ စာရိတ္တမဏ္ဍိုင် ပျက်စီးလာကြတာဖြစ်ပြီး ကျောင်းရပ်နားလိုက်ရတာတွေနဲ့ သက်ဆိုင်မှုရှိတယ်လို့ ရခိုင်ပညာရေး အသိုင်းအဝန်းက ကျောင်းဆရာတယောက်က ပြောပါတယ်။

“ကျောင်းသားတွေအချင်းချင်း လူသတ်မှုဖြစ်လာကြတယ်ဆိုတာ စိုးရိမ်စရာကောင်းတယ်။ အထူးသဖြင့် ကျောင်းသားတွေရဲ့ စာရိတ္တမဏ္ဍိုင်တွေဟာ ပျက်စီးမှုတွေ ရှိလာကြတယ်လို့ ပြောရမယ်။ ကလေးတွေက တိုက်ပွဲတွေကြောင့် ကျောင်းတွေ ပိတ်ထားကြရတဲ့အခါ ပြင်ပလူနေမှုစရိတ်တွေ ဝင်လာကြပြီး စာရိတ္တမဏ္ဍိုင်တွေ ယိုယွင်းလာကြတာကြောင့် အခုလို ရာဇဝတ်မှု ဖြစ်ပွားလာကြတာ။”

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက မြို့နယ် ၁၇ ခုလုံးမှာ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ကြပြီး ၂၀၂၅ ခုနှစ်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေကို ပြန်လည် စတင်လည်ပတ်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013