
ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၂၀ ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်ချတာတွေနဲ့ ပျက်ကျတာတွေကြောင့် ဆုံးရှုံးပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။
NUG ရဲ့ စာရင်းအရ ၂၀၂၁ မေ ၃ ရက်က စတင်ပြီး ၄ နှစ်အတွင်း စစ်တပ်က Mi-35P, Mi-17, K-8W, A-5, Mig-29 စတဲ့ စစ်လေယာဉ်အမျိုးမျိုးနဲ့ ရဟတ်ယာဉ်တွေကို တော်လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တာ ၁၁ ကြိမ်ရှိပြီး ပျက်ကျတာက ၉ ကြိမ်ရှိတာကို တွေ့ရပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပိုမိုမြင့်လာပြီး အရပ်သားလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ပိုဆိုးရွားလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၃,၄၀၂ ကြိမ် ကျူးလွန်ထားပြီး သေဆုံးသူစုစုပေါင်း ၃,၆၈၉ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo: NUG-MOD










