DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ရှိအချိန်သည် အရေးကြီးဆုံး
DVB
·
September 9, 2025
ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ရှိအချိန်သည် အရေးကြီးဆုံး
Donate to DVB

သားဖြစ်သူ ကိုထိန်လင်းက သူ့အဖို့ မိခင်ကြီး အသက်ရှင်လျက်သား ရှိ၊ မရှိ ဆိုသည်ကို အတည်ပြုနိုင်ခြင်း မရှိတော့ဟု ပြောလာသော စကားကို လွန်စွာ အလေးအနက်ထား စဉ်းစားလုပ်ဆောင်ဖို့ အချိန်ရောက်လာပြီ ဖြစ်သည်။

သားတယောက်က သူ့မိခင် အသက်ရှင်နေသေးလားဆိုတာ မသေချာဘူးဆိုသည့် စကား‌လောက် စစ်အစိုးရ၏ ရက်စက်မှုကို ဘယ်အရာကမှ မယှဉ်နိုင်သည့် စွပ်စွဲချက်တခုပင် ဖြစ်သည်ကို စဉ်းစားကြည့်ရုံနှင့် သိနိုင်သည်။ ထို့ထက်ပို၍ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် အကူအညီပေးကြရန် လိုအပ်လာပြီဆိုသည့် အသိစိတ်ကို ကမ်းကုန်‌အောင် နှိုးဆော်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဩစတြေးလျမှ မြန်မာ့အရေး စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ အဲလန် ကလဲမင့်စ်က အေးရှားတိုင်းမ်တွင် ရေးသားလာခဲ့သည်။

စစ်အုပ်စုသည် ၎င်းတို့ လုပ်နေကျပုံစံအတိုင်း ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေသည့် သတင်းကို အပြင်သို့ ပေါက်ကြားအောင် လုပ်လာပြီဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့လက်ချက်နှင့်မဟုတ်၊ နှလုံးရောဂါကြောင့်ဟု ပြောလာတော့မည် ဖြစ်သည်။

အာဏာရှင်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆေးဝါးကုသခွင့် ငြင်းပယ်မည်၊ ဝင်ရောက် ကူညီပေးလာမည့် အရေးကို နှောင့်နှေးအောင် အချိန်ဆွဲထားမည်၊ ဖြစ်လာခဲ့လျှင်လည်း ပခုံး‌လေးတွန့်ပြီး ၎င်းတို့နှင့် ဘာမှမဆိုင်ဟု ပြောလာမည်၊ ဤသည်ကပင် ရာဇဝတ်မှုမြောက်သည့် လူသတ်မှုပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင် ဆရာဝန်က လာရောက် ကြည့်ရှုပေးသည် ဆိုသည်က ကုသပေးခြင်းမျိုး မဟုတ်၊ လှောင်ပြောင်သရော်နေခြင်းသာ ဖြစ်သည်။

ထိတ်ထိတ်ကြဲ နှလုံးအထူးကု ဆရာဝန်ကြီးများက ချက်ချင်းလို ကြည့်ရှုကုသခွင့် ပေးရမည်၊ MRI, CT Scan, ECG စက်များဖြင့် စစ်ဆေးပေးရမည်။ ထိုသို့မဟုတ်က သူ၏ အသက်ရှင်သန်နိုင်မည့် အခွင့်အလမ်းသည် လွန်စွာ နည်းပါးလာပေလိမ့်မည်။

ယခုအခါ ၎င်းတို့ အငြိုးတကြီးဖြင့် ကျင့်ကြံလာမှုကို ပြသလာသည့်အနေဖြင့် သူ့အား ပြတင်းပေါက်ပင် တပ်ပေးမထားသည့် အခန်းထဲတွင် ၅ နှစ်နီးပါး ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ကာ ချုပ်နှောင်ထား၍ ကျန်းမာရေးချို့တဲ့လာမှုနှင့်အတူ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရပြီ ဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုအခါ ဒီဇင်ဘာလကုန်ပိုင်းတွင် ကလိမ်စေ့ ငြမ်းစင်ထားသည့် ‘ရွေးကောက်ပွဲ’ ကို လုပ်မည်ဟု ကြေညာသည်အထိ ရဲတင်းလာနေပြီ ဖြစ်သည်။

အခုလိုဖြစ်‌နေချိန်တွင် ကမ္ဘာကြီး ဘယ်ရောက်နေပြီလဲ၊ အများအားဖြင့် တိတ်ဆိတ်နေကြသည်။ အများအားဖြင့် လျစ်လျူရှုခဲ့ကြရုံမက ရောယှက် ပတ်သက်လာကြသည်။ အများအားဖြင့် မြန်မာ၏ နာကျင်မှုမှနေ အကျိုးအမြတ် ရှာနေကြသည်။ လက်နက်ရောင်းဝယ်သူများသည် စစ်အုပ်စု၏ သတ်ဖြတ်ရေးယန္တရားကြီးကို လောင်စာဖြည့်ပေးနေသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့က ရ‌နေသည့် ဝင်ငွေများဖြင့် ဗိုလ်ချုပ်တွေ ပိုက်ဆံ ပေါပေါလောလော ရလာ‌နေသည်။ အစိုးရများကတော့ ‘စိုးရိမ်ကြောင်း’ ထုတ်ပြန်ကြေညာနေသော်လည်း တဖက်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိတ်တဆိတ် ထိန်းသိမ်းထားနေကြသည်။

နိုင်ငံတကာသတင်းဌာနများသည်လည်း အပြစ်မကင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ထပ်တလဲလဲ စွပ်စွဲကြရာမှ တဖြည်းဖြည်းနှင့် တရားသေ လက်ခံလာကြသည်။ သူ့အား ပစ်ပယ်လာသည်အထိ ဖြစ်လာခဲ့သည်။ ထို့အတွက် စစ်‌ဗိုလ်ချုပ်များအဖို့ ၎င်းတို့ ကျူးလွန်နေမှုများအတွက် အကာအကွယ် ရလာခဲ့သည်။ တိတ်ဆိတ် ငြိမ်သက်နေခြင်းဖြင့် အားလုံးသည် ကြံရာပါဘဝ ရောက်လာကြသည်။

ယခုအချိန်သည် ထိုအကြောင်းများကို ပြန်‌၍ ငြင်းခုံနေရမည့်အချိန် မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။ သတိကြီးစွာထားပြီး ကြေညာချက် ထုတ်ပြန်ခြင်း၊ ဝိုးတိုးဝါးတား ရှုတ်ချခြင်းများ လုပ်ရမည့်အချိန် လွန်လာခဲ့ပြီ ဖြစ်သည်။ မြန်မာပြည်သူများလည်း အသံတိတ်နေကြတော့မည် မဟုတ်၊ ကမ္ဘာကြီးလည်း ယခုလို သေရေး ရှင်ရေး ဖြစ်လာချိန်တွင် ငြိမ်သက်မနေသင့်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ သန်း ၆၀ ၏ မျှော်လင့်ချက်များ တစုတဝေးတည်း ရပ်တည်ရာ၊ ကမ္ဘာတဝန်းရှိ လူအများအား အတုယူဖွယ် စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့သူအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။ သူ့အား ချက်ချင်းလက်ငင်း လွှတ်ပေးဖို့သာ ရှိသည်။ နောက်မှ လွှတ်မည်ဆို၍ မဖြစ်၊ ဆွေးနွေးပြီးမှ၊ မရေရာသည့် နိုင်ငံရေး အကူးအပြောင်းကို စောင့်နေရမည့်အချိန် မဟုတ်၊ အခုပင် လွှတ်ပေးရပေမည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက ဒလိုင်း လားမားက အခုလို သတိပေးခဲ့ဖူးသည်။ “ကျွန်ုပ်တို့ တိဘက်ကို အခုနေ မကယ်တင်နိုင်ခဲ့ဘူး ဆိုရင် နောင်တချိန် ကယ်တင်စရာ တိဘက် ရှိတော့မည် မဟုတ်။” ထိုသတိပေးချက်သည် မြန်မာအတွက်လည်း မှန်ကန်လာနေပြီ ဖြစ်သည်။

ကျနော်သည် ဒီအကြောင်းအရာများအား အဝေးကနေ ဝေဖန်သုံးသပ်သူ တယောက်အနေဖြင့် ရေးသား‌နေခြင်း မဟုတ်။ မြန်မာနိုင်ငံတွင် ဘဝတလျှောက်လုံးနီးပါး နေထိုင်ခဲ့ဖူးသူတယောက် အနေဖြင့် ရေးနေခြင်း ဖြစ်သည်။ ပထမဆုံး ရန်ကုန်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးအဖြစ် လည်းကောင်း၊ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သည့် သတင်းထောက်တယောက်အဖြစ် လုပ်ကိုင်ခဲ့၍ စစ်အစိုးရ၏ နှင်ထုတ်ခံရပြီး အမည်ပျက်စာရင်း သွင်းခံခဲ့ရသည်။ ‌ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စာအုပ်ပေါင်းများစွာ အတူရေးသားခဲ့ဖူးသဖြင့် သူ၏ ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် “ရှင်တို့ရဲ့ လွတ်လပ်ခွင့်ကို အသုံးချပြီး ကျမတို့ လွတ်လပ်ခွင့်ရအောင် ကူညီပေးကြပါ” ဟု ပြောခဲ့သည့်စကားကို ယခုတိုင် နားထဲကမထွက် အမှတ်ရနေဆဲပင်။

ထိုစကားသည် ယခုအခါ ကျယ်လောင်စွာ ပဲ့တင်ထပ်လာနေပြီ ဖြစ်သည်။ “ကမ္ဘာ့ခေါင်းဆောင်များ ခင်ဗျား၊ ခင်ဗျားတို့မှာရှိနေတဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အသိတရားကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလက်ငင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပေးကြပါ။

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းခန်းထဲတွင် တယောက်တည်း သေဆုံးသွားစေတာမျိုး မဖြစ်ပါစေနှင့်။ ကမ္ဘာက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးကို တမင်တကာနဲ့ ရက်စက်ကြမ်းကြုတ်စွာ လျစ်လျူရှုမှုကြောင့် သေဆုံးခဲ့ရတယ်ဆိုပြီး သမိုင်းက မှတ်တမ်းတင်တာမျိုး မဖြစ်ပါစေနှင့်။

ခေါင်းစီးတပ်ပါ။ တောင်းဆိုပါ။ ပြောဆိုပါ။ လုပ်ဆောင်ပါ။

ယခုအရေးသည် နိုင်ငံတနိုင်ငံ၏ အနာဂတ်အကြောင်း တခုတည်းအတွက် မဟုတ်၊ လွတ်လပ်သည့် ကမ္ဘာ၏ ကိုယ်ကျင့်တရားဆိုင်ရာ ယုံကြည်ကိုးစားခံရမှုနှင့်လည်း သက်ဆိုင်နေသည်။ မြန်မာနိုင်ငံကိုသာ ကျနော်တို့ စွန့်လွှတ်ခဲ့ကြမည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပစ်ပယ်ထားမည် ဆိုလျှင် အခြားနေရာများတွင် ဒီမိုကရေစီအတွက် ဘယ်လိုများ မျှော်လင့်စရာ ကျန်ပေဦးမည်နည်း” ဟု အဲလန် ကလဲမန့်စ်က ရေးသားထားသည်။

လက်လှမ်းမီသူများအနေဖြင့် ဆောင်းပါးရှင်၏ မူရင်းစကားကိုပင် သုံးပြီး ကမ္ဘာ့ခေါင်းဆောင်များ၏ X တွင် ဝင်ရောက် ရေးသား တောင်းဆိုပေးသင့်သည်။

Dear President/ Prime Minister 

Please use your freedom, exercise your conscience to demand the immediate and unconditional release of Daw Aung San Suu Kyi and every political prisoner in Myanmar.

မိမိတို့အဖို့က ဇော်မဲလုံး၏ စကားကို တခါမျှ ယုံကြည်ဖို့ စိတ်ကူးမရှိကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းကျန်းမာမာရှိကြောင်း၊ မိမိတို့ ခေါင်းဆောင်ကြီး၏ အောင်မြင်ခဲ့သည့် တရုတ်ခရီးစဉ်ကို ပုံပျက်ပန်းပျက် ဖြစ်အောင် ချိန်ကိုက် ထုတ်လွှင့်လာခဲ့ခြင်း ဆိုသည့် အပြောကို ဒီတကြိမ်တွင် မျက်စိမှိတ်ယုံခြင်းသည်သာ အတန်ငယ် စိတ်ချမ်းသာမှု ရနိုင်ပေလိမ့်မည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013