DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်တွင် စစ်တပ် ထိုးစစ်ဆင်ပြီး နေ့စဉ် တိုက်ပွဲဖြစ်နေ
DVB
·
September 9, 2025
ဝိုင်းမော်တွင် စစ်တပ် ထိုးစစ်ဆင်ပြီး နေ့စဉ် တိုက်ပွဲဖြစ်နေ
Donate to DVB

သိမ်းပိုက်ခံထားရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့နဲ့ ဆဒုံး-ကန်ပိုက်တီဘက်ကို ဝင်နိုင်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ်ထဲက လမြန်ရွာဝန်းကျင်ကို ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဆင်ရေးကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ နဲ့ ရဲစခန်း၊ ဝူယန်ပြည်သူ့စစ် စခန်းတချို့သာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တည်းက ဝိုင်းမော်ထဲမှာ ထိတွေ့မှုတွေ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ တလလောက်မှာတော့ စစ်တပ်က ကျန်ရှိနေတဲ့ ခလရ ၅၈ ကနေတဆင့် ကားလမ်းအတိုင်း KIA ထိန်းချုပ်ရာ လမြန်ရွာဘက်ကို လေကြောင်းပါသုံးပြီး တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ တပ်ပေါင်းစုတွေရှိတဲ့ KIA တွေရှိတဲ့ နမ်ဇော်ဘက်မှာလည်း သူတို့က လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ပြီးမှ အဲဒီကားလမ်းပိုင်းမှာကတော့ မြေပြင်ကနေထိုးတာ။ ဒါကြောင့် တိုက်ပွဲကတော့ အမြဲတမ်းလို ဖြစ်နေပါတယ်။ နေ့တိုင်းလိုဖြစ်ပါတယ်။ တခါတလေကျရင်တော့ သူတို့က ဒရုန်းနဲ့ပစ်တာ၊ လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်တာ အဲဒါ ပစ်ပြီးမှ သူတို့က ခြေလျင်နဲ့ ပြန်တက်တာ။ ဒါပေမဲ့ အခုထိကတော့ ကျနော်တို့ဘက်ကနေလည်း နေရာတွေ ဆုတ်ပေးတာတွေလောက်တော့ မရှိပါဘူး။ ကျနော်တို့လည်း ခုခံပြီးမှ တိုက်ပွဲကတော့ ဆက်ရှိနေတုန်း ဖြစ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ဒါကြောင့် ဝိုင်းမော်-ဆဒုံး ကားလမ်းပေါ် လမြန်ကျေးရွာနဲ့ အနီးဝန်းကျင်နေရာတွေမှာ KIA နဲ့ စစ်ကောင်စီတပ်၊ လီဆူးပြည်သူ့စစ်၊ ဦးရွှေမင်းအဖွဲ့တွေနဲ့ပါ နေ့တိုင်း တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဝါရှောင်ကျေးရွာဘက်ကို မတိုးနိုင်သေးဘူးလို့ ရှေ့တန်းနဲ့နီးစပ်သူက ပြောပါတယ်။

စစ်တပ်ဟာ ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းကို လိုချင်တာကြောင့်ဖြစ်ပြီး နှစ်ဖက် ကျဆုံးမှုတွေ ရှိသလို စစ်တပ်ဘက်က အလင်းဝင်လာတာတွေလည်း ရှိတဲ့အကြောင်း စစ်ရေးရင်းမြစ်က ပြောပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသားတယောက်က “လမြန်တကြောကို နေရာယူလို့ရသွားရင် သူတို့က ဒီ ဝါရှောင်လမ်း၊ ဒီ ဝါရှောင်ဘက်ကို၊ ဝါရှောင်နဲ့ ဆဒုံး-ကန်ပိုက်တီလမ်းကို တောက်လျှောက် သူတို့က လွယ်လွယ်ကူကူ ထိုးစစ်ဆင်လို့ရတဲ့ အခြေအနေရှိလို့ သူတို့က အဲဒါကို အရင်ဆုံး ထိုးစစ်ဆင်နေတာ။ လမြန်ဘက်ကို၊ သူတို့က ဝါဒတော့ အမျိုးမျိုးဖြန့်နေကြတာပေါ့။ ရပြီ ဘာညာ၊ အမှန်က မရပါဘူး။ အမြဲတမ်း နေ့တိုင်းနီးပါး ထိတွေ့မှုဖြစ်ပြီး သူတို့တပ်တွေပဲ လန်လန်ကျနေတာ” လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက အင်အားရာကြီးပိုင်းကို စစ်တပ်က ပြင်ဆင်နေခဲ့တာ ဖြစ်တဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒ့ါအတူ တိုက်ပွဲတွေနဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ထိခိုက်မှုတွေ ရှိနေပြီး ဩဂုတ်လကုန်ပိုင်းမှာ ကလေးငယ်တယောက် သေဆုံးခဲ့ရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ဝူယန်ရွာဒေသခံ အမျိုးသားတယောက်က “ဝိုင်းမော်မြို့ထဲမှာ၊ ဝိုင်းမော်မြို့လူကျတော့ မရှောင်ကြဘူး။ အခုဟာက အားလုံး လာနေကြတာဖြစ်တယ်။ စစ်ရှောင်တဲ့သူကတော့ မနှစ်တုန်းကတည်းက အားလုံးရှောင်ကြတာ ဟုတ်တယ်။ အခုက တယောက်တလေပဲ အိမ်စောင့်ပြီးမှ နေကြတာဖြစ်တယ်။ စစ်ရှောင်အတွက်ကျတော့ အခုလောလောဆယ် အခက်အခဲရှိတာက အစားအသောက်တွေ၊ ဆေးဝါးတွေ အဲဒါအတွက်တော့ အခက်အခဲတွေ ရှိနေကြတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဝူယန်၊ လမြန်၊ ဝါရှောင်၊ ဂေါ်ဆက်ယန် အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး ဝိုင်းမော်မြို့ပေါ်နဲ့ မြစ်ကြီးနားမြို့ပေါ်တွေကို စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်အနေနဲ့ ဝိုင်းမော်မြို့နဲ့ ဆက်သွယ်ထားပြီး အခု စစ်ကော်မရှင်တပ် ဦးတည်နေတဲ့ ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တီနဲ့ ပန်ဝါမြို့တွေကို ပြီးခဲ့တဲ့နှစ်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကလည်း ဗန်းမော်နဲ့ ဖားကန့်ဘက်တွေကို အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်နေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013