
စစ်သင်္ဘောတွေရောက်လာပြီးတဲ့နောက် ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်အာဏာရှင်တပ် က စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။
ဗန်းမော်စစ်မျက်နှာပြင်အနှံ့ စစ်အာဏာရှင်တပ်တွေက စစ်ကြောင်းထိုးလာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဆင်ကုန်း၊ ညောင်ပင်သာ၊ စကခ ၂၁၊ နမ့်ဖားနဲ့ မိုးမောက်သွားလမ်း ၃ မိုင် နေရာတွေဘက်ကို စစ်အာဏာရှင် တပ်ဘက်ကနေ စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အတွက် ဗန်းမော်မြို့တိုက်ပွဲ ပြန်လည်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်က ဗန်းမော်ကနေ မန်ဂျယ်အသွားလမ်း ကုန်းမဟတ်-ဟန်တဲ ပတ်ဝန်းကျင်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရေး တင်းမာနေတယ်လို့ ဆိုပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်တယောက်က “ဒီနေ့ (၁၅ ရက်နေ့) ကုန်းမဟတ်နဲ့ ဟန်တဲဘက်မှာ ပွဲတွေကြမ်းနေတယ်။ ခွေးတွေ ဆက်တိုက်ထိုးနေတာတွေ ရှိတယ်။ နေ့တိုင်းလည်း ဖြစ်နေတယ် တီးနေကြတယ်။ သူတို့ဘက်က ဒရုန်းနဲ့ချလိုက်၊ ဆူဆိုက်နဲ့ဝင်တိုက်လိုက်နဲ့ အဲလိုတွေ ရှိတယ်။ သူတို့လည်း ဆက်တိုက်ထိုးနေတယ်။ ထိုးစစ်ဆင်နေတာ။ ထိုးလိုက် အထိနာလိုက် ပြန်ဆုတ်လိုက်နဲ့ အဲလိုပဲ သူတို့ဘက်က ပွဲပျက်နေကြတယ်။ အချင်းချင်းလည်း မိုးမွှန်နေအောင်ဆဲနေကြတာလည်း ကြားရတယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ဗန်းမော်ကို အင်အားပို့ဆောင်တဲ့ သင်္ဘောတွေရောက်တဲ့နောက်ပိုင်း နေရာ အနှံ့စစ်ကြောင်းထိုးပြီး ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်တွေဟာ ဗန်းမော်တိုက်ပွဲမှာ စစ်မျက်နှာပြင် ၃ ခုဖွင့်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “ဒီရက်ပိုင်း ကျနော်တို့ဘက်ကိုပဲထိုးနေတယ်။ ၄၃၈ ၊ ၄၃၇ ပြီးတော့ ၄၇ အဲ့တပ်ရင်းတွေ ပေါင်းပြီးတော့ ကျနော်တို့ရှိတဲ့ဘက်ကို ထိုးနေတာ။ တိုက်ပွဲက ဆက်ဖြစ် နေတယ်”လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက် ညနေက တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့အနီး စစ်တပ်က နေရာယူ ထိန်းချုပ်ထားတဲ့ ရွှေပြည်သာ (၃ မိုင်) ရပ်ကွက်ရှိ နှစ်ခြင်းဘုရားကျောင်းကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်စစ်ကြောင်းတွေဟာ အောက်တိုဘာ ၁၁ ရက် ၃ မိုင်ကျေးရွာ နမ်ဖာနောင်းဘက် ကို ဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာချိန် KIA ပူးပေါင်းတပ်တွေရဲ့ ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်ခံရပြီး အထိနာသွားပြီးနောက် KBC ဘုရားကျောင်းဆောင်နဲ့ ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်မှာလည်း စစ်တပ်က ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်က နှစ် ၇၀ ဝန်းကျင်သက်တမ်းရှိတဲ့ ကတ်သလစ် စိန့်ပတ်ထရစ်ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်တွေဟာ တိုက်ပွဲဧရိယာအတွင်း ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစတဲ့ ခိုင်ခံ့တဲ့ တိုက်အဆောက်အအုံတွေကို မီးရှို့ ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ပြီး စစ်ရေးဖော်ဆောင်နေတာ ဖြစ်ပါတယ်။
ဟန်န











