
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့ကို ဧပြီ ၂၂ ရက်နေ့ စတင်သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာထားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံ တို့ကို သွားရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ပြင် တရုတ်ကာကွယ်ရေးဝန်ကြီး တုန်းကျွန်နဲ့အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေအကြား 2+2 မဟာဗျူဟာ ဆွေးနွေးပွဲကိုလည်း တက်ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ၂ ကြိမ်လာရောက်ခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်က ပုဂံမှာကျင်းပတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီခရီးစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တွေ့ဆုံခဲ့တာမရှိပါဘူး။
၂၀၂၄ ခုနှစ် သြဂုတ်မှာတော့ မြန်မာအရေးနဲ့ ဒေသဆိုင်ရာ ဆက်ဆံရေးကိစ္စတွေအတွက် မြန်မာနိုင်ငံကို ထပ်မံလာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမလုပ်ဖူးလို့ ကြွေကြော်နေပေမဲ့ မြန်မာအာဏာ သိမ်းစစ်အုပ်စုကို အမြဲထောက်ခံအားပေးနေတာဖြစ်ပြီး လတ်တလော စစ်အာာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် သူ့ကိုယ်သူခန့်အပ်ခဲ့ပြီးနောက်မှာ ပထမဆုံး ထောက်ခံကြိုဆိုခဲ့တဲ့ နိုင်ငံတွေထဲမှာလည်း တရုတ်နိုင်ငံ ပါဝင်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ် ကျန်းစင်ကျီဟာလည်း ဧပြီ ၁၀ ရက်က စစ်အာဏာရှင် မင်းအောင်လှိုင် သမ္မတ ရာထူးယူတဲ့အခမ်းအနားကို တက်ရောက်ခဲ့သလို တရုတ်သံအမတ် မစ္စမာကျားကလည်း မင်းအောင်လှိုင်ထံ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။










