DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်၏ အခွန်တင်းကျပ်မှုကြောင့် မြန်မာလုပ်သား ၁ သန်းခန့် တရားမဝင် ဖြစ်လာနိုင်
DVB
·
October 23, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၁ သန်းနီးပါးဟာ မြန်မာစစ်အာဏာရှင်ရဲ့ အခွန် ကောက်ခံ တာနဲ့ ပတ်စ်ပို့၊ CI သက်တမ်းတိုးကိစ္စ တင်းကျပ်တာကြောင့် တရားဝင် လုပ်သားတွေကနေ အထောက်အထားမဲ့ လုပ်သားတွေ ဖြစ်လာနိုင်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူတွေ က သတိပေးနေပါတယ်။

ထိုင်းနိုင်ငံမှာ  မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် နိုင်ငံကူးလက်မှတ်နဲ့ နေထိုင်အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေ သက်တမ်းတိုးဖို့ဟာ ကုန်ကျစရိတ်များတဲ့အပြင် စစ်တပ်ဆီ အခွန်ငွေနဲ့ ငွေလွှဲအထောက်အထားတွေပါ ပြသရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့် အလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က သတ်မှတ်ထားတဲ့ တရားဝင် ဘဏ်လမ်းကြောင်းကနေ မိသားစုထံ ငွေလွှဲဖို့နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားပြဖို့ သတ်ချက်ထားတာတွေက လုပ်သားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပါ။

ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကွန်ရက် (MWG) အဖွဲ့ရဲ့ ခန့်မှန်းချက်အရ မြန်မာစစ်အာဏာရှင် အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သား ၁ သန်း ကျော်ဟာ တရားဝင်စနစ်ကနေ ပြင်ပကို ရောက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ  ဦးမိုးကြိုးက “မြန်မာဘက်က ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ပြန်လည်ခေါ်ယူရေးကို ဖိအားပေးလာတာကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၁ သန်း ဝန်းကျင်လောက် လုပ်ငန်းခွင်ရဲ့ ပြင်ပကို ရောက်ရှိသွားနိုင်တယ်လို့ Migrant Working Group ရဲ့ Coordinator ညှိနှိုင်းပေါင်းစပ်ရေးမှူး အဒိစွန်က သုံးသပ်ထားတယ်။ ဒါဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက်သာ မကဘူး၊ သူတို့ကို လက်ခံပြီးတော့ တာဝန်ပေးခိုင်းစေတဲ့ ထိုင်းလုပ်ငန်းရှင်တွေအတွက်လည်း တနွယ်ငင် တစင်ပါ ဆိုသလို၊ ကြွဲကူး ရေပါ ဆိုသလို စိုးရိမ်ကြောင့်ကြစရာ ပြင်းထန်တဲ့ လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရကို Migrant Working Group အနေနဲ့ ယာယီ မှတ်ပုံတင်ခြင်းနဲ့ သက်တမ်းတိုးပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးဖို့အတွက်လည်း ပန်ကြားတောင်းဆိုထားတာ ရှိပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ လုပ်သားတွေအတွက် မြန်မာ စစ်အာဏာရှင် အစိုးရက ပြုလုပ်ပေးတဲ့ Certificate of Identity – CI စာအုပ် ပြုလုပ်ခက တရားဝင် ဈေးနှုန်း ဘတ် ၂,၆၆၀ သာ ဖြစ်ပေမဲ့ ပွဲစားခ အပါအဝင် လက်တွေ့ ကုန်ကျစရိတ်က ဘတ် ၅,၀၀၀ ကျော်အထိ ရှိနေပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ ပြောပြချက်အရ CI စာအုပ်ကြေး၊ အခွန် ၂ ရာခိုင်နှုန်း၊ မိသားစုထံ လွှဲငွေ ၂၅ ရာခိုင်နှုန်း အထောက်အထားနဲ့ ဗီဇာကြေးတွေအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်ဟာ ဘတ်  ၁၀,၀၀၀ ကျော်ထိ ရှိနေပါတယ်။

ချင်းမိုင်မှာနေတဲ့ မြန်မာလုပ်သား ကိုစိုးမိုးက “သူတို့ သတ်မှတ်ထားတဲ့ မိသားစုကို ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမယ်ဆိုတဲ့ သူတို့ရဲ့ ပုံစံခွက်ထဲကို ဝင်ပြီးတော့မှ လုပ်ထားတာ ရှိရမယ်။ ပြီးရင် စစ်အစိုးရကိုလည်း ၂ ရာခိုင်နှုန်း အခွန်တွေ ဆောင်ရမယ်ဆိုတဲ့ အချက်လက်တွေပေါ့။ အဲ့ဒါတွေအကုန်လုံးပါမှပဲ သက်တမ်းတိုးရမယ်ဆိုတော့ တော်တော်များများက အခက်အခဲ ဖြစ်တာပေါ့။ ဘာလို့လဲဆိုတော့ အားလုံးက ကိုယ့်လုပ်အားခနဲ့ ကိုက်ညီပြီးတော့ ငွေများများရမယ့် အနေအထားနဲ့ပဲ ငွေလွှဲတာဆိုတော့ တကယ့်တကယ် ပြန်တဲ့အခါ ကျရင် အဲ့ဒါတွေက အခက်အခဲ ဖြစ်တာပေါ့”လို့ ပြောပါတယ်။

ဒါကြောင့် ထိုင်းရောက် မြန်မာ အလုပ်သမားတွေဟာ CI မလိုဘဲ ပန်းရောင်ကတ်နဲ့ work permit အသုံးပြုပြီး ထိုင်းနိုင်ငံမှာ ဆက်လက် နေထိုင် အလုပ်လုပ်ခွင့်ရရှိရေး တောင်းဆိုမှုတွေကို ဆိုရှယ်မီဒီယာမှာ ကမ်ပိန်းလုပ် တောင်းဆိုနေကြပါတယ်။

စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး လုပ်သားတယောက်က “ပန်းရောင်ကတ်နဲ့ Work permit ကတ် နှစ်ခုတည်းသာ တကယ်လို့  ထိုင်းအစိုးရက အသိအမှတ် ပြုပြီးတော့ နေထိုင်ခွင့်ပေးခဲ့မယ်ဆိုရင် ကျမတို့ အလုပ်သမားတွေအနေနဲ့ အလုပ်လည်း မရှုပ်တော့ဘူး။ ကုန်ကျလည်း မရှိတော့ဘူး။ ပြီးရင် အခွန်ဆောင်မယ့် ကိစ္စ ကိုယ့်ရဲ့ အချက်အလက်လည်း ပေးစရာ မလိုတော့ဘူး။ အဲ့ဒီအတွက် ကျမတို့ တောင်းဆိုတာပေါ့။ ပြီးတော့ ရတဲ့ လစာနဲ့ ဒီ သူတို့ကို ပေးရမယ့် ပိုက်ဆံနဲ့ လုံးဝကို မမျှတဘူး ဖြစ်နေတယ်”လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) အဖွဲ့ကတော့ CI စာအုပ်မလိုဘဲ ပန်းရောင်ကတ်၊ Work permit တို့နဲ့ နေထိုင်ခွင့်ရရေး တောင်းဆိုမှုလုပ်ဆောင်နေပြီး၊ ကမ်ပိန်းကတဆင့် အလုပ်သမား သန်းနဲ့ချီ ပါဝင်လာဖို့နဲ့ ထိုင်းအစိုးရ လွှတ်တော်ထိ တင်ပြသွားဖို့ ကြိုးပမ်းနေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံက CI စင်တာတွေမှာ မြန်မာ စစ်တပ်ခန့် ဝန်ထမ်းတွေ လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထိုင်းလွှတ်တော်အမတ်တွေက စိုးရိမ်နေကြပါတယ်။

အဲဒီစင်တာတွေမှာ အကျင့်ပျက် ခြစားမှုတွေနဲ့ နိုင်ငံရေးအရ ဖိအားပေးတာတွေကို စစ်ဆေးပေးဖို့လည်း ထိုင်းလွှတ်တော် အမတ်တွေက တောင်းဆိုနေကြပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013