DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်း လှုပ်ရှားမှုအတွက်ဆန္ဒပြသည့် လူဒါဇင်များစွာကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
September 7, 2025
ပါလက်စတိုင်း လှုပ်ရှားမှုအတွက်ဆန္ဒပြသည့် လူဒါဇင်များစွာကို ဗြိတိန်ရဲတပ်ဖွဲ့ ဖမ်းဆီး
Donate to DVB

ပါလက်စတိုင်း လိုလားတဲ့အဖွဲ့ Palestine Action ကို ထောက်ခံတဲ့ ဆန္ဒပြပွဲအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဗြိတိန်ရဲတပ်ဖွဲ့က လူဒါဇင်ပေါင်းများစွာကို စက်တင်ဘာ ၆ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

တော်ဝင်လေတပ်အခြေစိုက်စခန်းကို ထိုးဖောက်ဝင်ရောက်ပြီး စစ်လေယာဉ်တွေကို ဖျက်ဆီးခဲ့တဲ့ Palestine Action အဖွဲ့ကို ဗြိတိန်အစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဇူလိုင်လမှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတို့ရဲ့ စစ်ရာဇဝတ်မှုလို့ ပြောထားတဲ့ လုပ်ရပ်တွေမှာ ဗြိတိန်အစိုးရက ကြံရာပါဖြစ်တယ်လို့ အဖွဲ့က စွပ်စွဲထားပါတယ်။ 

မကြာသေးမီ သီတင်းပတ်တွေအတွင်း ပါလက်စတိုင်းလှုပ်ရှားမှုကို ထောက်ခံသူ ရာနဲ့ချီကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဖမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့လက တရက်တည်းမှာပဲ အသက် ၆၀ အထက် လူတွေ အများအပြားပါတဲ့ လူအယောက် ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။ 

စနေနေ့မှာ ရာချီတဲ့ ဆန္ဒပြသူတွေက လန်ဒန်မြို့လယ်က လွှတ်တော်အနားမှာ စုဝေးခဲ့ကြပြီး “လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ပါတယ်။ ပါလက်စတိုင်းလှုပ်ရှားမှုကို ထောက်ခံပါတယ်”လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း တားမြစ်ချက်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 

ပါလက်စတိုင်း လှုပ်ရှားမှုအဖွဲ့အတွက် ထောက်ခံကြောင်း ဖော်ပြသူတွေကို ရဲတွေက စဖမ်းဆီးနေပြီ လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။

စုစုပေါင်း လူဘယ်လောက် ဖမ်းထားတယ်ဆိုတာ ရဲတပ်ဖွဲ့ကမပြောခဲ့ပေမယ့် ဒါဇင်နဲ့ချီတဲ့ လူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မျက်မြင်သက်သေတယောက်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

Palestine Action အဖွဲ့ကို အယ်လ်ကေးဒါးနဲ့ ISIS တို့နဲ့ တန်းတူအဆင့် သတ်မှတ် တားမြစ်ပိတ်ပင် ထားပြီး အဖွဲ့အစည်းကို ထောက်ပံ့တာ ဒါမှမဟုတ် အဖွဲ့ဝင်ဖြစ်တာဟာ ရာဇ၀တ်မှု မြောက်လို့ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။ 

ဒီအဖွဲ့ကို ပိတ်ပင်တဲ့ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013