DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ဘုတလင်တွင် အမျိုးသမီး ၁ ဦး ဒဏ်ရာရ၊ စဉ့်ကူးကို စစ်တပ်ဗုံးကြဲ
DVB
·
September 7, 2025
လက်နက်ကြီးကြောင့် ဘုတလင်တွင် အမျိုးသမီး ၁ ဦး ဒဏ်ရာရ၊ စဉ့်ကူးကို စစ်တပ်ဗုံးကြဲ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာရှိတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ အမျိုးသမီးတယောက် ဒဏ်ရာရပြီး မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာလည်း လေယာဉ်နဲ့ ဗုံးကြဲလို့ ကျည်တောက်ပေါက်ရွာက စက်သုံးဆီဆိုင်နဲ့ နေအိမ်တွေပျက်စီးခဲ့ပါတယ်။

စက်တင်ဘာ ၆ ရက် နေ့ခင်းပိုင်းမှာ ဘုတလင်မြို့ပေါ်မှာရှိတဲ့စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ရဲ့အနောက်ဘက် ၂ မိုင်လောက်အကွာ ဒါန်းတိုင်ရွာက ဒေသခံအမျိုးသမီး ၁ ယောက် ကျည်စထိမှန် ဒဏ်ရာရသွားပါတယ်။

ဒေသခံတယောက်က “ရွာဘက်မှာတော့ ဘာစစ်ကြောင်းမှမရှိသလို ဘာတိုက်ပွဲမှ မရှိဘူး။ စစ်တပ်က‌တော့ ထင်တိုင်းကြဲနေတာ။ စစ်ကြောင်းတွေက ကျနော်တို့ဘက်ခြမ်း မရောက်သေးပါဘူးဗျ။ ဘုတလင်တောင်ခြမ်းနဲ့ အရှေ့တောင်ခြမ်းကို ပတ်မွှေနေတာ။ အခုဟာက အကြောင်းအရင်းမရှိဘဲနဲ့ကို ပစ်သွားတာ။ လက်နက်ကြီးက ရွာရဲ့အရှေ့ပိုင်းကို ကျတာဗျ။ မီးဖိုချောင်ပေါ်ကို ကျတာ။ အမျိုးသမီးတဦး ကျည်စထိမှန်ဒဏ်ရာရခဲ့တာ။ မီးဖိုချောင်လည်း ပျက်စီးတာပေါ့” လို့ ပြောပါတယ်။

စစ်တပ်ဟာ မုံရွာ-ဘုတလင်သွားကားလမ်းမကို  ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတယ် လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ်မှာ ဩဂုတ် ၂၇ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ ဘုတလင်မြို့ကနေပါ စစ်ကြောင်းတွေထိုးပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့လည်း သိရပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျည်တောင်ပေါက်ရွာနားကို စက်တင်ဘာ ၆ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲကျော်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲသွားတာကြောင့် စက်သုံးဆီဆိုင်တဆိုင်နဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “နောက်ထပ် လာကြဲဦးမယ်လို့ ပြောနေကြတော့ အခုလိုရွာကနေ ထွက်ပြေးနေကြရတာဗျ။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိဘူး။ ဒေသခံ ပြည်သူတယောက်အနေနဲ့ ဘာထပ်ပြောချင်သေးလဲဆိုတော့ အခုလို အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေယာဉ်နဲ့ နေ့စဉ်ရက်ဆက် ဗုံးကြ‌နေတာ စစ်ရာဇဝတ်မှုမ မြောက်ဘူးလား။ ကုလသမဂ္ဂ ဆိုတဲ့အဖွဲ့အစည်း ဘယ်ရောက်နေလဲလို့ပဲ ပြောချင်တယ်။ စစ်ကောင်စီတပ်ကို အမြန်ဆုံး အရေးယူပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်ထဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။

စဉ့်ကူးပကဖ တာဝန်ရှိသူတယောက်က “ကျည်တောက်ပေါက်ရွာတောင်ဘက်၊ မိုးကုတ်- မန္တလေး ကားလမ်းအရှေ့ဘက်ခြမ်းသို့၊ ဗုံးသီး ၂ လုံးချ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ  လူထိခိုက် သေဆုံးမရှိ၊ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိ၊ လမ်းဘေးခွေးတကောင် သေဆုံးတာကလွဲပြီး ထိခိုက်မှုမရှိခဲ့ပါဘူးဗျ” လို့ DVB ကိုပြောပါတယ်။

စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေပါ ဖြတ်တောက်ထားတာ ၃ နှစ် ကျော်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013