DVB Logo
Home
မြန်မာသတင်း
ဩဂုတ်လတွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့
DVB
·
September 6, 2025
ဩဂုတ်လတွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့တာကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်း ရရှိခဲ့ပြီး အရင်လကထက်လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဩဂုတ်လမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁၉၂,၉၈၄ တင်ပို့ထားပြီး ရရှိတဲ့ဝင်ငွေဟာ ဇူလိုင်လ ဝင်ငွေ ဒေါ်လာ ၇၇ သန်းနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၁၂ သန်း လျော့ကျခဲ့ပြီး တင်ပို့ပမာဏကလည်း တန်ချိန် ၄ သောင်းနီးပါး  လျော့နည်းသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတယောက်က “ပုံမှန်အားဖြင့် မိုးတွင်းဆိုရင် ပြည်ပဆန်တင်ပို့မှုက လျော့တယ်။ ပွင့်လင်းရာသီရောက်ရင်တော့ သတ်မှတ်ထားတဲ့တန်ချိန်ထက် ပိုတင်ပို့နိုင်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့အဆိုအရ လတ်တလော နိုင်ငံတကာဆန်ဈေးကျဆင်းနေချိန်မှာ တောင်သူတွေအတွက် မျှတတဲ့ဈေးရနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်ကို ဆန်တင်ပို့တာတိုးမြှင့်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အခု ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ ဩဂုတ်လအထိ ၅ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ ဒသမ ၀၃၈ သန်း တင်ပို့ထားပြီး အဲဒီကနေ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၃၅၅ သန်း ရရှိထားပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူထက် တန်ချိန် ၃ သိန်းကျော် ပိုပြီးတင်ပို့ထားနိုင်ပေမဲ့ ဝင်ငွေပိုင်းမှာတော့ မနှစ်က ကာလတူထက် ဒေါ်လာ ၂ သန်းပဲ ပိုရရှိထားတာကို တွေ့ရပါတယ်။

အခု ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၃ သန်းတင်ပို့ဖို့ လျာထားပြီး လက်ရှိ ၅ လအတွင်းမှာ တန်ချိန် ၁ သန်းကျော်၊ ရာခိုင်နှုန်းအနေနဲ့ ၃၅ ရာခိုင်နှုန်း‌ကို တင်ပို့ထားပြီးဖြစ်ပါတယ်။

ဩဂုတ်လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရာမှာ ပင်လယ်ရေကြောင်းက တန်ချိန် ၁၉၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းက တန်ချိန် ၁,၄၀၀ ပဲ တင်ပို့ထားပါတယ်။

မြန်မာနိုင်ငံက ဆန်ကို တရုတ်နိုင်ငံဆီ အများဆုံး တင်ပို့ထားပြီး ဖိလစ်ပိုင်၊ အာဖရိက ကျွန်းနိုင်ငံတခုဖြစ်တဲ့ မဒါဂတ်စကား၊ စပိန်နဲ့ ပိုလန်နိုင်ငံတို့ဆီ တင်ပို့ထားသလို ဆန်ကွဲကိုလည်း တရုတ်နိုင်ငံဆီကို အများဆုံး တင်ပို့ပြီး အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ၊ ပိုလန်နဲ့ နယ်သာလန်နိုင်ငံတို့ဆီကို တင်ပို့ထားပါတယ်။

လတ်တလော ပြည်တွင်းဆန်စပါးဈေးကွက် အခြေအနေကတော့ စိုက်ပျိုးစရိတ်နဲ့ သယ်ယူစရိတ်တွေ မြင့်နေပေမယ့် စပါးဈေးကျဆင်းနေတာကြောင့် လယ်သမား‌တွေ အခက်တွေ့နေကြပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တခုလုံးမှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁,၁၂၉ သန်း ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013