
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ပရောက်မြန်မာတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စိတ်ဝင်စားမှု နည်းနေတာကြောင့် သံရုံးတချို့က တိုက်တွန်းလှုံ့ဆော်ချက်တွေ ထပ်လုပ်နေကြပါတယ်။
ပြည်ပရောက် မြန်မာတွေ ကြိုတင်မဲပေးနိုင်အောင် ပုံစံ ၁၅ ဖြည့်ပြီး သက်ဆိုင်ရာသံရုံးတွေဆီ ပေးပို့ဖို့ သြဂုတ်တတိယအပတ်ကတည်းက အသိပေးထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအများစုက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ပုံစံ ၁၅ မဖြည့်ကြတာကြောင့် သံရုံးတွေကနေ အထပ်ထပ် တိုက်တွန်းနေရတယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတချို့က ဆိုပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားတယောက်က “ဒီနေ့လည်း သံရုံးက ပုံစံ ၁၅ ဖြည့်ဖို့၊ ကြိုတင်မဲပေးဖို့ အသိပေးတဲ့စာထုတ်တာတွေ့တယ်။ ကိုယ်တွေသိတဲ့သူထဲက ဘယ်သူမှ မဲပေးဖို့ ရှိမနေဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကဆို ဒီလိုဘယ်နေမလဲ” လို့ ပြောပါတယ်။
တိုကျိုမြို့ရှိ မြန်မာသံရုံးက မဲပေးခွင့်မဆုံးရှုံးရအောင် ပုံစံ ၁၅ ကို စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ဖို့ ထပ်မံတိုက်တွန်းနှိုးဆော်တယ်ဆိုပြီး စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလို တိုက်တွန်းထားတဲ့ အသိပေးကြေညာချက်ကို နီးစပ်ရာ မြန်မာနိုင်ငံသားတွေဆီ ဖြန့်ဝေအသိပေးဖို့ မေတ္တာရပ်ခံတယ်ဆိုပြီးလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကလည်း ပုံစံ ၁၅ ကိုဖြည့်ပြီး စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ဖို့ ထပ်မံအသိပေးနှိုးဆော်တယ်ဆိုတဲ့ ကြေညာချက်ထုတ်ထားပါတယ်။
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတယောက်က “မဲပေးသူမရှိမှာကို တော်တော် စိုးရိမ်နေပုံရတယ်။ နဂိုကတည်းက သံရုံးနဲ့မပတ်သက်ချင်ကြတာ၊ မဲပေးဖို့ဆိုတာ ပိုဝေးတယ်လေ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလကုန်မှာ လုပ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေ အသီးသီးကလည်း ထုတ်ပြန်ထားပါတယ်။











