
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရှိ စစ်အာဏာရှင် သံရုံးရှေ့မှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးဖို့နဲ့ ထောက်ခံစာယူဖို့အတွက် အထဲဝင်ခွင့်မရလို့ မြန်မာပြည်သူတွေ လမ်းဘေးမှာ ကြုံသလို စောင့်နေရတာနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
သံရုံးတံခါးဝ ပိတ်ထားပြီး အထဲပေးမဝင်လို့ မြန်မာနိုင်ငံသား အမျိုးသမီးတွေ လမ်းဘေးမှာ ငုတ်တုတ်ထိုင်စောင့်နေကြရတဲ့ ဓာတ်ပုံတချို့ လူမှုကွန်ရက်မှာ ပြန့်နေခဲ့ပြီး၊ တခြားနိုင်ငံသားတွေ အထင်မြင်သေးအောင် စစ်အာဏာရှင် သံရုံးရဲ့ဆက်ဆံတာကို ခံနေရတာလို့ မလေးရှားမှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံက ဟိုတယ်တခုမှာ ဝင်ရောက်လုပ်ကိုင်နေသူ တယောက်က "လူလိုသူလို မဆက်ဆံတာ။ ကင်းလို့မရလို့သာ ပတ်သက်နေရတာ။ အဲဒီသံရုံးက နိုင်ငံသားအချင်းချင်းကို လေးစားသမှု လုံးဝမရှိဘူး" လို့ ပြောပါတယ်။
လူမှုကွန်ရက်ပို့စ်တခုမှာတော့ သံရုံးရှေ့က အခြေအနေကို ရေးတင်ထားတာတွေ့ရပြီး၊ ဓာတ်ပုံတွေ မှာတော့ နေပူတဲ့အတွက် သံရုံးရဲ့ ခြံစည်းရိုးအုတ်နံရံ အရိပ်ခိုပြီး လမ်းဘေး ပလက်ဖောင်းပေါ်မှာ ထိုင်စောင့်နေတဲ့ အမျိုးသမီးအယောက် ၂၀ လောက်ကို မြင်တွေ့ရပါတယ်။
နောက်တပုံမှာတော့ သံရုံးအရာရှိလို့ ယူဆရသူရဲ့ ကားဝင်လာလို့ ခြံစည်းရိုးတံခါး ဖွင့်ပေးနေတာကို ခြေပစ်လက်ပစ် ထိုင်ကြည့်နေတဲ့ အမျိုးသမီးတွေရဲ့ ပုံကို တွေ့ရပါတယ်။
အဲဒီမြင်ကွင်းနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတယောက်က "ကိုယ့်နိုင်ငံသားတွေကို လူမြင် မကောင်းအောင်ထားတဲ့ စိတ်ဓာတ် အံ့ဩဖို့ကောင်းတယ်။ အာဏာရှင်ခိုင်းဖက် ပီသတယ်" လို့ မှတ်ချက်ပြု ဝေဖန်ပါတယ်။
စစ်အာဏာရှင် သံရုံးဟာ မလေးရှားရောက် မြန်မာတွေကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ ပတ်သက်လို့ နေ့ချင်းပြီး မလုပ်ပေးတော့ဘဲ ကြာချိန် ၃ ရက် သတ်မှတ်မှာဖြစ်ကြောင်း ကြေညာခဲ့ပြီး မကြာခင်မှာပဲ နေ့ချင်းပြီး ဆက်လုပ်ပေးမယ်လို့ ပြန်ပြီး ထုတ်ပြန်ထားတာ ရှိပါတယ်။
လက်ရှိမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျောက်ဆုံး၊ ပျက်စီးတာတွေကို အွန်လိုင်းကနေ ရက်ချိန်းယူခိုင်းပြီး ရက်အလိုက် သံရုံးကို လာရောက်ရမဲ့သူတွေရဲ့ နာမည်စာရင်းကို ထုတ်ပြန် ပေးနေပါတယ်။
အဲဒီသံရုံးဆီ ကောင်စစ်ဆိုင်ရာ လုပ်ငန်းတွေအတွက် တရက်ကို မြန်မာနိုင်ငံသား အယောက် ၃၅၀ ကနေ ၄၅၀ လောက် လာရောက်လေ့ရှိပြီး၊ ကွမ်းတံထွေးထွေးတာ၊ အမှိုက်စွန့်ပစ်တာ၊ ဆူညံတာ တွေနဲ့ စည်းကမ်းမဲ့ အပြုအမူတွေကြောင့် ပတ်ဝန်းကျင် နေအိမ်တွေရဲ့ အဆက်မပြတ် တိုင်ကြားမှု တွေရှိလို့ စည်းကမ်းလိုက်နာဖို့ အသိပေး ထုတ်ပြန်ထားတာလည်း ရှိပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား ၂ သန်းနီးပါး ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြထားပြီး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ တရားဝင်နေထိုင် လုပ်ကိုင်သူ တွေ ရှိသလို တရားမဝင် နေထိုင်လုပ်ကိုင်နေကြသူတွေလည်း ရှိပါတယ်။










