
မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးရဲ့ ဒုတိယ သံရုံးအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်ဟာ စက်သုံးဆီ ချွေတာဖို့နဲ့ စက်သုံးဆီ အခက်အခဲကြုံနေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ စက်ဘီးစီးပြီး ရုံးတက်နေတဲ့အကြောင်း သံရုံးက မေ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီတွေ ဈေးတက်ပြီး ပြတ်လပ်မှုနဲ့ ကြုံခဲ့ရပြီး လူအများစုက ကားဆီဖြည့်ဖို့၊ ကောက်ပဲသီးနှံ ရိတ်သိမ်းဖို့အတွက်နဲ့ သူတို့ရဲ့ ထွက်ကုန်တွေကို စျေးအရောက် ပို့ဖို့ သယ်ယူပို့ဆောင်ရေးအတွက် ဆီဝယ်ဖြည့်နိုင်ဖို့ ရုန်းကန်ကြရချိန် သံတမန်တွေက ရုံးသွားရင် တတ်နိုင်သလောက် စက်ဘီးစီးသွားဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
ဒုတိယ သံရုံးအကြီးအကဲ ၀င်းမ်ဗန်ဒွေါန်က“ကျနော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျနော်လည်း တခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်”လို့ ပြောပါတယ်။
နယ်သာလန်နိုင်ငံမှာလည်း စက်ဘီးစီး ရုံးတက်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ လမ်းမရှိလို့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ပြီး လမ်းသွယ်လေးတွေကနေ သွားရတယ်လို့လည်း ဆိုပါတယ်။
၀င်းမ်ဗန်ဒွေါန်က “စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ်ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျနော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တခု ဖြစ်နေပြီ။ ကျနော် လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမဲ့ စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ်ဆိုတာ ပြသနိုင်တယ်လို့တော့ ကျနော် ယုံတယ်။ စက်သုံးဆီ အသုံးလျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ" လို့ ပြောပါတယ်။
အီရန်စစ်ပွဲ ဂယက်ကြောင့် ကမ္ဘာတဝန်း လောင်စာဆီ အခက်အခဲအကျပ်အတည်းနဲ့ ကြုံတွေ့နေရသလို မြန်မာနိုင်ငံမှာလည်း စက်သုံးဆီရှားပါး ပြတ်လပ်မှုကြောင့် မော်တော်ယာဉ်တွေကို စုံရက်၊ မရက် စနစ်နဲ့ မောင်းနှင်ဖို့ စည်းကမ်းထုတ်ထားသလို ဝယ်ယူခွင့် ပမာဏကိုလည်း ကန့်သတ်ထားပါတယ်။










