DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် စီးပွားရေးလုပ်ငန်းများအတွက် ကျပ် ၇၀၀ ဘီလီယံ ထုတ်ချေးမည်
DVB
·
September 5, 2025
ငလျင်ဒဏ်သင့် စီးပွားရေးလုပ်ငန်းများအတွက် ကျပ် ၇၀၀ ဘီလီယံ ထုတ်ချေးမည်
Donate to DVB

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေကို ပြန်လည်ထူထောင်ရေးချေးငွေ အနေနဲ့ ကျပ် ၇၀၀ ဘီလီယံ ထုတ်ချေးပေးသွားမယ်လို့  စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ ရန်ပုံငွေအတွက် ကနဦးမတည်ရန်ပုံငွေ ကျပ် ၇၀၀ ဘီလီယံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ၅၀၀ ဘီလီယံနဲ့ ဗဟိုဘဏ် ဈေးကွက်တည်ငြိမ်ရေး ရန်ပုံငွေမှ ကျပ် ၂၀၀ ဘီလီယံ ထည့်ဝင်သွားမယ်လို့ သိရပါတယ်။

ချေးငွေသက်တမ်းမှာ ၃ နှစ်ကနေ ၅ နှစ်အထိ ဖြစ်ပြီး အိမ်ရာ/အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေ၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်ရင်းနှီးငွေနဲ့ လုပ်ငန်းသုံးစက်ပစ္စည်း ယန္တရားတွေ၊ ရေ၊ မီး၊ ဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် ချေးငွေ၊ စက်ရုံလုပ်ငန်းကြီးတွေ ပြန်လည်ပြုပြင်ရေးနဲ့ လုပ်ငန်းလည်ပတ်နိုင်ရေးတို့အတွက် ချေးငွေ၊ နိုင်ငံတော်ပိုင် အခြေခံအဆောက်အဦတွေကို တာဝန်ယူတည်ဆောက်ရမယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် ယာယီချေးငွေ သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်သင့် မန္တလေးဒေသခံယောက်က “ချေးငွေ တကယ်ထုတ်ပေးရင်တော့ အဆင်ပြေတာပေါ့။ အိမ်ပြန်ဆောက်ဖို့မပြောနဲ့ ခုချိန်ထိတောင် အိမ်မဖြိုနိုင်သေးဘူး။ အခုချိန်ထိ အခက်အခဲတွေက အများကြီးရှိတယ်။ နာလန်ပြန်မထူနိုင်သေးဘူး။ ထောက်ပံ့ငွေတွေ ပေးတယ်ပြောတယ်။ ကိုယ်တွေမရပါဘူး။ သူ့လူနဲ့သူ ပြီးနေတာ။ ချေးငွေကိုလည်း အမှန်တကယ် ချပေးတယ် ဆိုရင်တော့ အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

ငွေချေးလိုသူတွေအနေနဲ့ စက်တင်ဘာ ၂ ရက်ကစပြီး  AYA Bank PCL၊ UAB Bank PCL၊ CB Bank PCL၊ ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance ကုမ္ပဏီနဲ့ Zega Finance ကုမ္ပဏီတို့မှာ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း‌၊ ပဲခူးတိုင်း‌နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတွေမှာ လူနေအိမ်တွေ၊ အဆောက်အအုံတွေနဲ့ ပြည်သူတွေရဲ့ အသက်တွေ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013