
ရန်ကုန်မြို့က အဆောက်အအုံတွေကို အန္တရာယ်ရှိတဲ့အဆင့် ခွဲခြားသတ်မှတ်နိုင်ဖို့ ငလျင်နဲ့ သဘာဝဘေး စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းကို လာမဲ့ ဇူလိုင် ၁ ရက်မှာ စတင်မယ်လို့ စစ်အာဏာရှင်ခန့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
ဇွန် ၂၂ ရက်မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီလို စစ်ဆေးရာမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ရုံးအဆောက်အအုံတွေကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာန (အဆောက်အဦ)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နဲ့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။
စစ်အာဏာရှင်ခန့် ဝန်ကြီး ဦးမျိုးမြင့်အောင်က “ငလျင်နဲ့ သဘာဝဘေးအန္တရယ်များ ဖြစ်ပွားပါက ထိခိုက်ပျက်စီးစေမှု နည်းပါးစေဖို့အတွက် အဆောက်အုံများ ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီးတော့ စာသင်ကျောင်းများ၊ ဆေးရုံများနဲ့ ရုံးအဆောက်အအုံများကို စနစ်တကျ စစ်ဆေးပြီးတော့မှ အန္တရာယ်ရှိနိုင်မှု အဆင့်အလိုက် ခွဲခြားသတ်မှတ်ဖို့အတွက်ကို ငလျင်နှင့် ဘဘာဝအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်း လုပ်ငန်းများကို အစည်းအဝေးများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးတော့မှ လာမဲ့ ဇူလိုင် ၁ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တဆင့် လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့ရှိ လူနေထိုင်ရန်မသင့်တဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေကို ပြုပြင်တာ ဒါမှမဟုတ် ရှင်းလင်းပစ်တာတွေ လုပ်ဆောင်ဖို့ ရှိ၊ မရှိ ကျောက်တံတားမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာကို စည်ပင်ဝန်ကြီးက ပြန်လည် ဖြေကြား ခဲ့တာပါ။
ဒါ့အပြင် အိုဟောင်းနေတဲ့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်ရေးကို စစ်ဆေးတာတွေ ရှိ၊ မရှိနဲ့ ဘယ်ဌာန က လုပ်ဆောင်နေလဲ ဆိုတာကိုလည်း ဦးကျော်မင်းထက်က ထည့်သွင်း မေးမြန်းသွားပါတယ်။
ရန်ကုန်မြို့က အဆောက်အအုံတွေထဲမှာ အစိုးရဌာနဆိုင်ရာရုံးတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ အများစုဟာ ကိုလိုနီခေတ် အဆောက်အအုံတွေဖြစ်ပြီး တချို့ဟာ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာ ကြောင့် ဟောင်းနွမ်းယိုယွင်းနေပြီး နေထိုင်ဖို့မသင့်တဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေအဖြစ် ရှိနေတာပါ။
လက်ရှိမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်းက လူနေထိုင်ရန် မသင့်တဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေကို ဖြိုဖျက်ခြင်း၊ အသစ်ပြန်လည်တည်ဆောက်ခြင်း မရှိသေးတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေသူတွေကို အမြန်ဆုံး ပြောင်းရွှေ့ဖယ်ရှားပေးဖို့ အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်က မနေ့က အစည်းအဝေးမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် အဆောက်အအုံသစ် ဆောက်လုပ်ဖို့ လုပ်ဆောင်ရာမှာလည်း အန္တရာယ်ရှိနိုင်တဲ့ အဆင့်အပေါ် မူတည်ပြီး ဦးစားပေးအဆင့်အလိုက် အင်ဂျင်နီယာဌာနက ခေါ်ယူညှိနှိုင်း နေတယ်လို့ လည်း ဝန်ကြီးက ပြောကြားသွားပါတယ်။










