ရန်ကုန်မြို့တွင်း ကိုယ့်အိမ်ရှေ့ ကားရပ်နားခ တလ ကျပ် ၆၀,၀၀၀ ပေးနေရ

ရန်ကုန်မြို့တွင်းက လမ်းသွယ်တွေထဲမှာ နေထိုင်ကြတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ရှေ့မှာ ကားရပ်နားခအဖြစ် ကားတစီးကို တလ ကျပ် ၆၀,၀၀၀ နှုန်းနဲ့ ပေးဆောင်နေရတယ်လို့ ယာဉ်ပိုင်ရှင် တွေဆီကနေ သိရပါတယ်။
ရန်ကုန်မြို့တွင်း စည်ပင်သာယာနယ်နိမိတ်ဖြစ်တဲ့ ကမ်းနားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်း အထိနဲ့ ရာဇဓိရာဇ်လမ်းကနေ အောင်ရတနာလမ်းအထိ ဇုန် ၈ ခုခွဲပြီး နိုဝင်ဘာ ၁ ရက်ကစလို့ ယာဉ် ရပ်နားခတွေ စတင်ကောက်ခံနေတာပါ။
အဲဒီလို ကောက်ခံရာမှာ လမ်းမတန်းပေါ် ရပ်ထားတဲ့ကားတွေကိုသာမကဘဲ လမ်းသွယ်အတွင်းထဲက အိမ်ပိုင်ရှင်တွေ မိမိအိမ်ရှေ့မှာ ကားရပ်တာကိုပါ လစဉ်ကြေးသဘောမျိုး ပေးဆောင်နေရတဲ့ အတွက် အပိုကုန်ကျစရိတ်တွေ ပိပြီး အခက်တွေ့နေရတယ်လို့ လမ်းမတော်မြို့နယ် ၁၅ လမ်းမှာ နေထိုင်သူ တယောက်က ပြောပါတယ်။
“အိမ်မှာ ကား ၄ စီးရှိတယ်။ လုပ်ငန်းရှိတော့ ၄ စီး ဖြစ်သွားရော။ တစီးအတွက်ကို တလစာ ၆၀,၀၀၀ ပေးရတယ်။ တရားဝင် တောင်းခံတာပါ။ တွက်ကြည့်လိုက်ရင် ၄ စီးစာဖြစ်လို့ တနှစ်ကို ကျပ်သိန်း ၃၀ နီးပါး ကျနော်တို့အတွက် နစ်နာလာပြီ။ နောက်တခုက ကားတွေအကုန်လုံးက သက်ဆိုင်ရာ မြို့နယ်နံပါတ် ဝယ်ထားတာ၊ ဒီလိုတွေဆိုရင်လည်း မကောက်သင့်ဘူး။ နေတာကလည်း မြေညီမှာ၊ အပေါ်ထပ်ကမို့ ရပ်တယ်ဆို ထားဦး။ မြေညီကြီးတခုလုံး ပိုင်ထားပြီး အိမ်ရှေ့တောင် ကားရပ်လို့မရဆိုတာ မဖြစ်သင့်ပြန်ဘူး။ ညအိပ်ခွန်၊ ဘီးခွန်တွေ ဘာလို့ ပေးနေတော့မလဲ ဒီလိုဆိုရင်။”
ယာဉ်ရပ်နားခကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကစပြီး မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တနာရီကို ကျပ် ၅၀၀ နှုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။
တနာရီကျော်ရင်တော့ မိနစ် ၃၀ အတွက် ကျပ် ၃၀၀ နဲ့ မိနစ် ၆၀ အတွက် ကျပ် ၅၀၀ ထပ်မံ ပေးဆောင်ရမှာလို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒီလို ကောက်ခံမှုကြောင့် လမ်းကျပ်တာ အနည်းငယ် သက်သာသွားပေမဲ့ ဒေသခံယာဉ်ပိုင်ရှင်တွေ အပေါ် ဖြေလျှော့ပေးသင့်တယ်လို့ နောက်ထပ် ယာဉ်ပိုင်ရှင်တယောက် ကလည်း အခုလို မှတ်ချက်ပေးပါတယ်။
“တဖက်က ပြန်ကြည့်လည်း လမ်းထဲတွေဆို ရပ်တင်ချနဲ့ အမြန်ပြန်ထွက်ကြတယ်၊ အနည်းဆုံးတော့ လမ်းကျပ်တာ သက်သာတယ်ပေါ့လေ။ တဖက်က ပြန်ကြည့်ပြန်ရင်လည်း တချို့ကိစ္စရပ်တွေက ဖြေလျှော့ပေးရမှာ၊ ကျေကျေလည်လည် ဒါတွေကို ဘယ်သူမှ ဆွေးနွေးပေးတာ မရှိတာက ဆိုးတာ။ အပြင်က ကားတွေ လာရပ်တယ်ဆို တမျိုး၊ ဒီမှာနေ ဒီကားတွေဆို မကောက်သင့်ဘူး။ ခေါင်းစဉ်တခုနဲ့ ဈေးကွက်အသစ်တွေ ထပ်ရှာနေသလိုပဲ၊ ကားခကောက်တာတင် ဇုန် A ကနေ H ထိ ရှိတယ်။”
လက်ရှိမှာတော့ အခုလို ယာဉ်ရပ်နားခ ကောက်ခံနေတဲ့အပေါ် ထောက်ခံသူတွေ ရှိသလို ဝေဖန်ထောက်ပြကြသူ အများအပြားလည်း ရှိနေပါတယ်။
အခွန်အခတွေ ပိုမိုကြီးမြင့်လာတာအပြင် ထပ်တိုးကောက်ခံမှုတွေနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် အများပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။











