
ရန်ကုန်မြို့မှာ အမျိုးသမီးတွေကို ကားပေါ်အတင်းဆွဲတင်တဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ မြို့ခံတွေနဲ့ ဒီအခြေအနေကိုသိရှိထားသူတွေဆီက သိရပါတယ်။
လှိုင်သာယာမြို့နယ်မှာ စက်တင်ဘာလကုန်ပိုင်းက စက်ရုံဆင်းပြီးပြန်လာတဲ့ အလုပ်သမား အမျိုးသမီး တယောက်ကို တက္ကစီကားနဲ့လူတစုက ကားပေါ်ဆွဲတင်ခဲ့တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) က အသိပေးထားပါတယ်။
အိမ်ပြန်ဖို့အတွက် ဗိုလ်ချုပ်မှတ်တိုင်မှာကားစောင့်နေတုန်း တက္ကစီတစီးထိုးရပ်ပြီး ဆင်းလာသူတွေ ကို ကားပေါ်အတင်းဆွဲတင်တာလို့ MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောပါတယ်။
“ဆွဲတင်ခံရတဲ့အမျိုးသမီးက ပတ်ဝန်းကျင်ကိုအကူအညီတောင်းလို့ အနီးအနားကသူတွေသိသွားပြီး ဝိုင်းအော်တော့မှ တွန်းချထားခဲ့တာ။ အဲဒီလိုနဲ့လွတ်သွားတာ။”
အလားတူ မကြာခင်ရက်ပိုင်းကပဲ ည ၇ နာရီလောက်မှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲကနေ အိမ်ကိုလမ်းလျှောက်ပြန်လာတဲ့ အမျိုးသမီးတယောက်ကို တက္ကစီကားတစီးပေါ်က ဆင်းလာသူ ၃ ယောက်က ကားပေါ်ဆွဲတင်တာခံရပြီး အကူအညီအော်တောင်းတဲ့အတွက် မျက်နှာကို လက်သီးနဲ့ ထိုးခံရသလို လည်ပင်းမှာ အစင်းရာတွေဖြစ်တဲ့အထိ အကြမ်းဖက်ခံခဲ့ရတယ်လို့ အမျိုးသမီးရဲ့ သူငယ်ချင်းတယောက်က လူမှုကွန်ရက်မှာ ရေးသားအသိပေးထားတာ ရှိပါတယ်။
အဲဒီလို အကြမ်းဖက်ကားပေါ်ဆွဲတင်တာကို အတင်းရုန်းကန်လို့ လွတ်ခဲ့ပေမဲ့ သူ့ရဲ့ လက်ပတော့၊ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နဲ့ တခြားပစ္စည်းတချို့ တက္ကစီကားပေါ်က သူတွေဆီပါသွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာ လမ်းသွားလမ်းလာလူငယ်အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်ရပ်တွေရှိနေလို့ သတိထားနေကြရချိန်မှာ အမျိုးသမီးတွေကိုပါ ဦးတည်လာတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်နေပါတယ်။
ရန်ကုန်မြို့မှာ ဘာသာစကားသင်တန်းတက်နေတဲ့ မိန်းကလေးတယောက်က “တကယ် စိတ်ပျက်စရာကြီး။ ကိုယ်တိုင်လည်း သတိရှိရှိနေနေရတယ်။ အိမ်ကမိဘတွေလည်း အိမ်ပြန် မရောက် မချင်း စိတ်ပူနေကြရတာ” လို့ ပြောပါတယ်။
အခုလို ဖမ်းဆီးတဲ့လုပ်ရပ်တွေက ပေါ်တာဆွဲတာလို့ ယူဆပြောဆိုနေကြတာရှိသလို စစ်မှုထမ်းကိစ္စ ကို အကြောင်းပြုပြီး ပြန်ပေးဆွဲငွေညှစ်တဲ့လုပ်ရပ်တွေပါရှိနေတာလို့ အုပ်ချုပ်ရေး အသိုက်အဝန်းဆီ က သိရပါတယ်။










