DVB Logo
Home
မြန်မာသတင်း
MSME ချေးငွေလျှောက်ထားသူ ၆၀၀ ကျော်ရှိပြီး ငွေကျပ် ၁၀ ဒသမ ၆၄၁ ဘီလီယံ ထုတ်ချေး
DVB
·
August 19, 2026
Photo: MOI
Photo: MOI
Donate to DVB

ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) အတွက် ချေးငွေလျှောက်ထားသူ ၆၀၀ ကျော်ရှိပြီး ငွေကျပ် ၁၀ ဒသမ ၆၄၁ ဘီလီယံ ထုတ်ချေးပေးထားတယ်လို့  စစ်အာဏာရှင် လက်အောက်ခံ MSME ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ကနေ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ MSME ချေးငွေလျှောက်ထားသူဦးရေ ၆၅၀ ရှိပြီး ဒီအထဲက ၂၈၁ ယောက်ကို ချေးငွေထုတ်ချေးပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

MSME ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူတယောက်က  "လာလျှောက်ကြပါတယ်။ အများဆုံးက အသေးစားနဲ့ အငယ်စား လုပ်ငန်းတွေက လျှောက်ကြတာများတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်စုံရင် သတ်မှတ်ထားတဲ့ဘဏ်တွေမှာ လျှောက်လို့ရပါတယ်။ အမြန်ဆုံး ၂ ပတ်၊ အကြာဆုံး ၃ ပတ်ပေါ့" လို့ ပြောပါတယ်။

MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟုဆိုကာ စစ်အာဏာရှင်က ငွေကျပ် ဘီလီယံ ၁၇၀ မတည်ထားပြီး အဆိုပါရန်ပုံငွေအနက် ငွေကျပ် ဘီလီယံ ၁၅၀ ကို MSME လုပ်ငန်းတွေအတွက် ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

MSME ချေးငွေကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၁၆ ခုကနေ ထုတ်ချေးပေးနေပြီး အသေးစားနှင့် အငယ်စားလုပ်ငန်းတွေအတွက် အများဆုံး ကျပ်သန်း ၅၀၊ အလတ်စားလုပ်ငန်း​တွေအတွက် ကျပ်သန်း ၁၀၀ အထိ ထုတ်ချေးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ MSME လုပ်ငန်းရှင်တချို့က ချေးငွေလျှောက်ထားရာမှာ အခက်အခဲများစွာရှိနေပြီး ချေးငွေမရကြဘူးလို့ သိရပါတယ်။

ဖိနပ်လုပ်ငန်းရှင်တယောက်က "သူတို့သတ်မှတ်ချက်တွေက အရမ်းများတယ်။ အလွယ်တကူ မရဘူး။ မရတာများတယ်။ ဟိုဟာလိုတယ် ဒီဟာလိုတယ်နဲ့။ ၂  ခါလောက် လျှောက်ဖူးတယ်၊ မရဘူး" လို့ ပြောပါတယ်။

MSME ချေးငွေကို အများဆုံး ကျပ်သန်း ၁၀၀ အထိ လျှောက်ထားနိုင်ပြီး အတိုးနှုန်းမှာ တနှစ်လျှင် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းရှိကာ သက်တမ်းမှာ ငွေအသုံးပြုပုံအပေါ်မူတည်ပြီး ၁ နှစ်ခွဲကနေ ၃ နှစ် အထိ သတ်မှတ်ထားပါတယ်။

အာမခံပစ္စည်း မရှိပါက Credit Guarantee Insurance (CGI) စနစ်နဲ့ အများဆုံး ကျပ်သန်း ၅၀ အထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဘဏ်တွေမှာ ပြည်သူတွေက စုဆောင်းအပ်နှံထားတဲ့ ငွေကြေးတွေကို စီးပွားရေးလုပ်ငန်းတွေကို ချေးငွေအဖြစ် ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ခန့် ဗဟိုဘဏ်ဥက္ကဋ္ဌ ပြည်သူတွေက စုဆောင်းအပ်နှံထားတဲ့ ငွေကြေးတွေကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနဲ့ MSME အပါအဝင် ထုတ်လုပ်မှုကဏ္ဍတွေကို ထုတ်ချေးပေးဖို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013