
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေထွက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လာဖို့ စိတ်ဝင်စားနေပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေလည်း လာရောက်ဖို့ရှိတယ်လို့ စစ်အာဏာရှင်အစိုးရ ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုလိုက်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်အပြီးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ထွက်ခွာသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့်ထွက်သွားလဲ ဆိုတာနဲ့ ဘယ်လို ဖြေလျှော့ပေးရမလဲ ဆိုတာကို မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်မှာ မေးမြန်းခဲ့ကြောင်းနဲ့ သတင်းကောင်း ကြားသိခဲ့ရကြောင်း ပြောဆိုသွားတာပါ။
ဗီယက်နမ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေး၊ စားသောက်ကုန်နဲ့ ရေထွက်ကုန် ထုတ်လုပ်မှုစက်ရုံတွေနဲ့ ဒစ်ဂျစ်တယ် နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ စစ်အာဏာရှင်သမ္မတက ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခု စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေး၊ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ဆိပ်ကမ်း၊ သတ္တု၊ အစားအသောက် လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ပြင်သစ်၊ အမေရိကန်၊ နော်ဝေ၊ ဩစတြေးလျ၊ ကာတာ၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ နိုင်ငံတို့မှ ကုမ္ပဏီတွေ ထွက်ခွာသွားပေမဲ့ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ နိုင်ငံတွေက ကုမ္ပဏီတွေကတော့ ဆက်လက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်အစိုးရဘက်က စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ကြောင်း အခုလို ပြောနေပေမဲ့ လက်ရှိမှာတော့ နိုင်ငံအနှံ့မှာ စစ်ကြောင်းထိုး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေသလို ခရီးသွားလာမှုအတွက် အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ချက်ရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။











