
ဂျပန်နိုင်ငံက မကြာသေးခင်က တိုမာဟော့ခ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့တာကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ဝေဖန်ရှုတ်ချလိုက်တယ်လို့ ဩဂုတ် ၅ ရက်မှာ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
ဂျပန်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုရီးယားဘက်က စစ်ရေးအရ ရွေးချယ်မှုအသစ်တွေ လုပ်ဆောင်သွားမယ်လို့လည်း ကင်မ်ယိုးဂျုံက ပြောပါတယ်။
ဂျပန်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် အီးဂျစ္စ စစ်သင်္ဘော ချိုးကိုင်းပေါ်ကနေ ပစိဖိတ်သမုဒ္ဒရာအတွင်း လွန်ခဲ့တဲ့ရက်ပိုင်းက အဝေးပစ် ခရုဇ်ဒုံးကျည် ပစ်ခတ်ခဲ့တာ၊ တခြားဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့တာနဲ့ မေလတုန်းက ဖိလစ်ပိုင်မှာ အမေရိကန်ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ပါဝင်ခဲ့တာတွေကို ကင်မ်ယိုးဂျုံက ထောက်ပြပါတယ်။
ဒီလို လှုပ်ရှားမှုတွေဟာ ဂျပန်ရဲ့ စစ်အင်အားကြီးနိုင်ငံ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ဟန်ပြဖုံးကွယ်ထားတာ ဖြစ်ပြီး ဒီလို အန္တရာယ်များတဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန် ရှိနေတာကိုလည်း မျက်ကွယ်ပြုထားလို့မရကြောင်း ကင်မ်က ဆိုပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်း ဂျပန်ရဲ့ ပြောင်းလဲလာမှုတွေနဲ့ မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တုံ့ပြန်ဖို့အတွက် မြောက်ကိုရီးယားစစ်တပ်နဲ့ စစ်ဘက်ခေါင်းဆောင်ပိုင်း အနေနဲ့ “နောက်ထပ် စစ်ရေးဆိုင်ရာ ရွေးချယ်မှုတွေကို ပြင်ဆင်သွားမယ်” လို့ ကင်မ်ယိုးဂျုံ က ပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မရှင်းပြခဲ့ပါဘူး။
Source: Reuters










