DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွား၊ နှလုံးအထူးကုနှင့် တွေ့ခွင့်မရ
DVB
·
September 5, 2025
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွား၊ နှလုံးအထူးကုနှင့် တွေ့ခွင့်မရ
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုးရွားလာနေပြီး နှလုံးအထူးကုနဲ့ တွေ့ခွင့်မရတဲ့အကြောင်း သူ့ရဲ့ သားဖြစ်သူက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေးသားမျှဝေထားပါတယ်။

“ကျနော့်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာနေသည်ဟု ကြားသိရသည်။ မေမေက နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားသော်လည်း မေမေဘယ်နေရာမှာ ထိန်းသိမ်းခံထားရသည်၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရသည် မည်သူမျှ မသိနိုင်ပါ။ အင်မတန် လူမဆန်ရက်စက်လွန်းသော လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်သည်။ မေမေ့ကို လွှတ်ပေးရမည်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရမည်။ ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက်ပါ ဖြစ်သည်။”

ယူကေအခြေစိုက် The Independent သတင်းစာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ အခြေအနေ စိုးရိမ်ရတဲ့အကြောင်း စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာ ၄ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလည်း စုစုပေါင်း ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပါတယ်။

ဒီကာလတွေအတွင်း သားဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံချိန်တွေမှာ မကြာခဏ ဖြေကြားနေသလို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတခု ဖွင့်လှစ်ပြီးတော့လည်း မိခင်လွတ်မြောက်ရေး တက်တက်ကြွကြွ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ အကျဉ်းသား ၆,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သလို နိုင်ငံရေးအကျဉ်းသား အရေအတွက် ၃၀၀ လောက်သာ ပါဝင်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ရှေ့တိုးဖို့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ဆွေးနွေးမှုတွေ စသင့်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကလည်း မြန်မာနိုင်ငံရဲ့ တပိုင်းတစ ဒီမိုကရေစီ အရသာကို နိဂုံးချုပ်စေခဲ့တဲ့ စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်ခဲ့တဲ့ ဖေဖော်ဝါရီတုန်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ နိုင်ထက်စီးနင်း ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးပါ။ မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပေးဆောင်ပါ” လို့ တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ အဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုတာတွေ မရှိတော့သလို ကြေညာချက်တွေ ထုတ်ပြန်ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို ထည့်သွင်းဖော်ပြတာ မတွေ့ရတော့ပါဘူး။

The Independent သတင်းစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဥရောပနိုင်ငံတွေအနေနဲ့  တောင်းဆိုရမယ်လို့ တိုက်တွန်းရေးသားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွား၊ နှလုံးအထူးကုနှင့် တွေ့ခွင့်မရ