DVB Logo
Home
မြန်မာသတင်း
နတ်မောက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သားနှင့် ပျူစောထီး ၁၁ ဦးသေဆုံး
DVB
·
September 5, 2025
နတ်မောက်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်သားနှင့် ပျူစောထီး ၁၁ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ နတ်မော​က်မြို့နယ်မှာ စက်တင်ဘာ ၂ ရက်နဲ့ ၄ ရက်နေ့တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၁ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့​တွေ ဆီကနေ သိရပါတယ်။

တိုက်ပွဲတွေအတွင်း ပါဝင်ခဲ့တဲ့ သရက်ခရိုင် အမှတ် ၃ တပ်ရင်း (ငါးပြေမတပ်ရင်း) ရဲ့ တပ်ဖွဲ့ဝင်တယောက်က “၂ ကြိမ်လုံးက နတ်မောက်နယ်ထဲမှာ ဖြစ်ခဲ့တာပါ။ ပထမရက်က ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို ဝင်ပစ်ခဲ့တာ။ နောက်ရက်ကတော့ တက်ဝန်ရွာမှာနေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို ဝင်ပစ်ခဲ့တာပါ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၂ ရက်မှာ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးမှာ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်သားတွေကို ဝင်ရောက်ပစ်ခတ်ခဲ့သလို စက်တင်ဘာ ၄ ရက်မှာလည်း နတ်မောက်မြို့နယ်၊ တက်ဝန်ကျေးရွာမှာ ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ စုဝေးနေတဲ့နေရာကို ဝင်ရောက် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သရက်ခရိုင် အမှတ် ၃ တပ်ရင်း (ငါးပြေမတပ်ရင်း) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုငပိက “နတ်မောက်မြို့နယ်ထဲက တက်ဝန်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဘိုထွန်းနဲ့အဖွဲ့ စုဝေးနေတဲ့ နေရာကို ၄ ရက်နေ့ မနက် ၅ နာရီလောက် ဝင်ပစ်ခတ်ခဲ့ကြတာမှာ အပြန်အလှန်ပစ်ခတ်မှုက မိနစ် ၄၀ လောက် ကြာခဲ့တယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန် အဲဒီ ဘိုထွန်းရဲ့သေနတ်က ကျည်ဆန် ဂျမ်းဖြစ်သွားပြီး ပစ်မရတော့တာကို သေနတ်ကြီးကိုင်လာပြီးတော့ ကျနော်တို့ကို သေနတ်နဲ့ ရိုက်မလို့တဲ့ ထွက်လာတာဗျ။ အဲဒီတော့ ကျနော်တို့ဘက်က ပစ်လိုက်လို့ သူအပါအဝင် ၅ ယောက် သေတယ်။ ကျန်တဲ့ကောင်တွေလည်း ဒဏ်ရာတွေကိုယ်စီနဲ့ ထွက်ပြေးသွားကြတာရှိတယ်။ တိုက်ပွဲထဲမှာ သူတို့သုံးတဲ့ ကားတစီးလည်း ပျက်စီးတယ်။ သူတို့ဆီကနေ ပွိုင့် ၂၂ လက်လုပ်ပစ္စတိုသေနတ်တလတ်၊ M1 ကာဘိုင်သေနတ် ၅ လက်၊ ကာဘိုင်ကျည် ၉၅ တောင့်၊ ပြောင်းချောသေနတ် ၂ လက်၊ ပြောင်းချောကျည်အတောင့် ၃၀၊ လက်ပစ်ဗုံး ၂ လုံး၊ ပိုက်ဆံတသိန်း၊ ဖုန်း ၄ လုံးနဲ့ စစ်မှုထမ်းစာအုပ်တအုပ်တို့ သိမ်းလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြေပြန့်ကျားတပ်ခွဲကနေ ဦးဆောင်ပြီး ရေနံချောင်း ပကဖ၊ မင်းဘူးခရိုင်စစ်ဌာန ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Chauk Revolutionary Army (CRA) နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် မနက် ၈ နာရီဝန်းကျင်ကလည်း သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲနဲ့အတူ ရေနံချောင်းပကဖ၊ နတ်မောက်ပကဖ၊ မင်းဘူးခရိုင်ပကဖ၊ Chauk Revolution Army (CRA) နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်သားတွေကို နတ်မောက်မြို့အနီးက ဟိန်း စက်သုံးဆီအရောင်းဆိုင်အနီးမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ဝန်းကျင် ဖြစ်ခဲ့ကာ စစ်သား ၆ ယောက် သေဆုံးခဲ့သလို စစ်သား ၂ ယောက်ကတော့ ဒဏ်ရာရပြီး ထွက်ပြေးသွားကြကာ သူတို့စီးနင်းလာတဲ့ ကား ၂ စီးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်လာတာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းနဲ့ သြဂုတ်လထဲကလည်း နတ်မောက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့ကြတာတွေ ရှိခဲ့သလို မြေပြင်စစ်ကြောင်း ထိုးတာတွေ ရှိနေတယ်လို့လည်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013