DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ ပေါ်တာဆွဲမှုများ ပိုဆိုးလာသဖြင့် ပြည်သူများ မလုံခြုံမှုခံစားနေရ
DVB
·
September 4, 2025
စစ်တပ်၏ ပေါ်တာဆွဲမှုများ ပိုဆိုးလာသဖြင့် ပြည်သူများ မလုံခြုံမှုခံစားနေရ
Donate to DVB

တော်လှန်ရေးတပ်တွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ရှေ့တန်းမှာ တပ်အင်အားဖြည့်တင်းဖို့ တောရော မြို့ပါမကျန် အဓမ္မပေါ်တာဆွဲတာတွေ ပိုဆိုးရွားလာနေလို့ စိတ်ရောကိုယ်ပါ မလုံခြုံမှုတွေ ခံစားနေရတယ်လို့  ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တဖက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပြီး တဖက်မှာတော့ ရှေ့တန်းစစ်အင်အား ဖြည့်တင်းဖို့အတွက် လူငယ်တွေကို နေ့စဉ်နဲ့အမျှ ပေါ်တာဆွဲဖမ်းဆီးတာတွေ တောရောမြို့ပါမကျန် ပြုလုပ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်ညမှာ မန္တလေးမြို့ထဲ ညဘက်လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ တယောက်ကို ပေါ်တာဆွဲသွားတယ်လို့ အတင်းအဓမ္မပေါ်တာဆွဲခံခဲ့ရသူရဲ့ မိသားစုဝင်တယောက်က CCTV မှာ မြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်က သူက စတိုးဆိုင်မှာ လုံခြုံရေးတာဝန်ကျတာ‌ပေါ့၊ ည ၁၁ နာရီကျော်လောက်ကျတော့ ပေါ်တာဆွဲတဲ့အဖွဲ့တွေက လူနှစ်ယောက်က ဆင်းလာပြီးတော့ နှစ်ဖက်ညှပ်ဆွဲပြီးတော့ ကားပေါ် ဇွတ်တင်သွားတာပေါ့လေ။ အဲဒီည ၁၁ နာရီလောက်က ဖမ်းသွားပြီးတော့ အခုချိန်ထိ ၃ ရက်ရှိပြီပေါ့  ပြန်မလွတ်သေးဘူး။ ပြန်လွတ်ချင်ရင်တော့ ပိုက်ဆံပေးရမယ်ဆိုပြီး ပြောတယ်ဗျ။ စိတ်ထဲမှာ မကောင်းဘူး၊ ခံလည်းခံပြင်းတာပေါ့။ သောက်စားမူးယစ်နေတာမဟုတ်ဘဲ မိသားစုတွေအတွက် ညအချိန် တဖက်တလမ်းက လုံခြုံရေးလုပ်နေတဲ့သူတယောက်ကို ဖမ်းဆီးသွားတာဆိုတော့။ အဲဒါ သူ့မှာလည်း မိန်းမနဲ့ ကလေးလည်း ရှိတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့မှာဆို ညစဉ်ဆိုသလို လူငယ်တွေကို ဖမ်းဆီးတာ၊ ငွေညှစ်တောင်းခံတာနဲ့ ဖမ်းခေါ်သွားပြီး ငွေနဲ့ ပြန်လာရွေးခိုင်းတာတွေ ရှိနေတာပါ။

တချို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကတော့ စစ်မှုထမ်းဆောင်ဖို့ ရှေ့တန်း နေရာတွေဆီ ပို့ဆောင်ခံလိုက်ရတာရှိသလို တချို့တွေကတော့ အဆက်အသွယ်လုံးဝမရဘဲ ပျောက်ဆုံးသွားတာ တွေလည်း ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

အခုလို အခြေအနေတွေကြောင့် မြို့နေပြည်သူတွေက စိုးရိမ်စိတ်တွေနဲ့ မလုံခြုံမှုတွေ ခံစားနေကြရတယ်လို့  မန္တလေးမြို့ ခံလူငယ်တယောက်က ပြောပါတယ်။ 

“တလောကဆိုလည်း အမရပူရဘက်မှာ ကားပေါ်မှာ ခရီးသွားပြီး ပြန်လာတဲ့သူ ကောင်လေး တယောက်၊ ကောင်မလေးတယောက် ဆွဲချခံလိုက်ရတယ်ဆိုတာလည်း ကြားလိုက်ရသေးတယ်လေ။ အဲဒီအတွက် လူငယ်တွေရော အလုပ်လုပ်နေတဲ့သူတွေရော လုံခြုံမှု မရှိတော့ဘူးလို့ ခံစားနေရတာပေါ့။ အလုပ်အကိုင်တွေလည်း ပျက်တယ်၊ လုံခြုံမှုမရှိတော့ သွားရ လာရတာတွေ စိုးတထိတ်ထိတ်နဲ့ သွားနေရတယ်၊ အခြေအနေ ကြည့်သွားနေရတယ်။ နေ့ဘက်တွေပါ ပေါ်တင် ပေါ်တာဆွဲလာတဲ့အတွက်တော့ ပိုပြီးတော့ ကြောက်နေရတာပေါ့၊ စိုးရိမ်နေရတာပေါ့။ အခု အစ်ကိုတယောက်ဆိုလည်း သူ အလုပ်ပြီးရင် ည ၉ နာရီလောက်မှ ပြန်လာတာ၊ ဒါပေမဲ့ အခုနောက်ပိုင်းကျ ညနေ ၆ နာရီလောက်ဆို စောပြန်လာဖို့ ပြောနေရတယ်၊ ဘယ်သွားသွား ဘယ်လာလာ သတိထားနေရတယ်။”

စစ်တပ်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲစစ်မှုထမ်းစေခိုင်းတာဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေကို ကန်သတ်ထားတဲ့ ဂျနီဖာကွန်ဗန်းရှင်းနဲ့ နောက်တွဲပရိုတိုကောတွေဖြစ်တဲ့ “စစ်ဖြစ်ပွားရာမှာရှိတဲ့ ပြည်သူတွေကို ကာကွယ်ပေးရမယ်” ဆိုတာနဲ့၊ စစ်ရာဇဝတ်မှုတွေထဲက တခုဖြစ်တဲ့ “စစ်ရေးကိစ္စတွေအတွက် အရပ်သားတွေကို အတင်းအကျပ်စေခိုင်းတာ” နဲ့  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ရောမစည်းမျဉ်းတွေဖြစ်တဲ့ “လူတဦးတယောက်ရဲ့ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ စေခိုင်းတာ” တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာပဲ ဖြစ်တယ်လို့ Fortify Rights အဖွဲ့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုင်းအာကာက ပြောပါတယ်။

“အခုချိန်မျိုးမှာ လူငယ်တွေကို အတင်းအဓမ္မခေါ်ဆောင်ပြီး ပေါ်တာဆွဲတာဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ဆိုးဝါးစွာ ချိုးဖောက်နေတာပဲဖြစ်ပါတယ်။ အတင်းအဓမ္မ ပေါ်တာဆွဲမှုဟာ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပြိုင်နက်တည်း ကျူးလွန်နေတာဖြစ်ပါတယ်။ ဒီအခြေအနေကို နိုင်ငံတကာကလည်း သိပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်တာဟာ အဖြေမှန် ဟုတ်မနေဘူး၊ တကယ်လည်း ငြိမ်းချမ်းစွာရှိမနေဘူးပေါ့။ လောလောဆယ် အနေအထားမှာတော့ ကျနော်တို့ ဒါတွေကို တိုးတက်လာမယ်ဆိုတာ မမြင်သေးပါဘူး။  စိတ်မကောင်းစွာ ပြောရရင်တော့ ဒီထက်မက ပိုဆိုးဝါးလာဖို့ပဲ ရှိပါတယ်။”

လူသားမျိုးနွယ်စုပေါ် ကျူးလွန်မှုတွေနဲ့ စစ်ရာဇဝတ် ကျူးလွန်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမှာဖြစ်သလို ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဆီမှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်ရယူနိုင်ဖို့အတွက် ရှေ့တန်းအင်အား အများအပြား လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013