DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်
DVB
·
September 4, 2025
ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်
Donate to DVB

ရန်ကုန်မှာ  အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးစနစ် ရှင်းပြဖို့နဲ့ အစမ်းမဲပေးဖို့ တအိမ် တယောက် ခေါ်ယူပြီး မလာတဲ့သူတွေကို ဧည့်စာရင်းထုတ်ပေးမှာ မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ 

ရန်ကုန်တိုင်းက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တအိမ် တယောက် နှုန်းခေါ်ယူပြီး မဲအစမ်းထည့်ခိုင်းတာတွေကို  စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလုပ် တယ်လို့ ဆိုပါတယ်။ 

ရန်ကုန်မြို့ခံတယောက်က “အကုန်လုံးကိုခေါ်တာ။ ဧည့်စာရင်းတိုင်နေရတဲ့သူတွေကို မလာရင် ဧည့်စာရင်းတိုင်ရတာ ခက်မယ်လို့ ပြောတယ်။ မဲက အစမ်းထည့်ခိုင်းတာ။ ၁၈ နှစ်အထက်လူ ကုန်လာရမယ်။ မလာခဲ့ရင် မှတ်ထားတာ။ အဓိကတော့ လာတဲ့သူနည်းမှာ စိုးရိမ်လို့နေမယ်”လို့ DVB ကိုပြောပါတယ်။ 

အဲဒီကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးရုံးဘက်က အတည်ပြုတာရှိပြီးတော့ အသက် ၁၈ နှစ် အထက်အားလုံး မလာမနေရ သတ်မှတ်ထားတာမဟုတ်ဘဲ သတ်မှတ်မဲပေးလူဦးရေ ပြည့်မီစေဖို့ လုပ်တာလို့ဆိုပါတယ်။ 

ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ”အသက် ၁၈ နှစ်အထက် အကုန်လုံး မလာမနေရ သတ်မှတ်ထားတာတော့ မဟုတ်ဘူး။ ဥပမာ ရပ်ကွက်တခုမှာ လူ ၂၀၀၀ ရှိတယ်ဆိုရင် လူ ၅၀၀ လာပေးရင် မဲပေးတာ အထမြောက်တယ်။ သူတို့က အဲဒီလိုပုံစံမျိုး သတ်မှတ်တယ်။ တချို့ရပ်ကွက်တွေဆို လူမလာဘူး ပြောတယ်။ စမ်းသပ်ခိုင်းပြီး လက်မှတ်ထိုးပြီး ပြန်သွားကြတာပေါ့။ ကြံ့ခိုင်ရေးတွေတော့ ကြည့်ကြတယ်။ မဲစက်မှာ ထည့်ကြတာပေါ့။ သူတို့စက်က မမှားဘူးပေါ့ဆိုတာမျိုး။ လူတွေ မလာမှာကြောက်လို့ ဧည့်စာရင်းသမားတွေကို ဦးစားပေးလာဖို့ သတ်မှတ်တာ။ အလုပ်က ဖွင့်ရက်ဆိုတော့။ မရှိရှိတဲ့ သူကို ခေါ်ခိုင်းတာ”လို့ DVB ကို ပြောပါတယ်။ 

အဲဒီမဲပေးစက်တွေဟာ မြို့နယ်ရုံးတွေကို ရောက်ရှိနေပြီဖြစ်ပြီး မြို့နယ်ရုံးတွေကနေတဆင့် ရပ်ကွက်တွေထဲကို သယ်လာပြီး အစမ်းမဲပေးခိုင်းနေတာလို့ ဆိုပါတယ်။ 

ဒေသခံတယောက်ကလည်း “မဲပေးပြီးရင် ၃ စက္ကန့်ကြည့်လို့ရသေးတယ်။ မှားသွားတယ် ဆိုတာကို ပြောလို့ရတယ်။ ပြင်ဆင်ပေးတယ်။ နှိပ်လိုက်တာနဲ့ စာရွက်လေးက ကျလာမယ်။ အဲဒီအချိန်မှာ ၃ စက္ကန့်ရသေးတာ။ ပြီးမှ ချိပ်ပိတ်ထားတဲ့ မဲပုံးထဲ တန်းဝင်သွားမှာ။ မီးအစိမ်းလေးပြတာနဲ့ ထည့်လို့ရပြီ။ ပြီးရင် ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုပဲ မဲပုံးဖွင့်ပြီး မဲရေတွက်မှာ။ မဲမသမာမှုကတော့ မလုပ်နိုင်ပေမဲ့ ပြိုင်မှာက သူတို့ပါတီတွေပဲလေ။ အခုက လုံခြုံရေးမပေးနိုင်တဲ့နေရာကို မလုပ်ဘူး။ ဘယ်နေရာလုပ်မယ် ဆိုတာတော့ မသိရဘူး။ အခုအစမ်းလေ့ကျင့်တာကို အယောက် ၅၀ လောက် ရှိတယ်။ မနက်ဖြန် ဘေးကရပ် ကွက်ကို မဲပေးစက်ရွှေ့မယ်”လို့ ပြောပါတယ်။ 

လက်ရှိမှာတော့  အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းလိုက်ရွေးကောက် ပွဲလုပ်ဖို့ ရည်ရွယ်ထားသလို ရွေးကောက်ပွဲလုပ်မယ့် ဒေသတွေကိုလည်း ထုတ်ပြန်ကြေညာထား ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက အသီးသီး ထုတ်ပြန်ထားပါတယ်။

မင်းဆက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013