
အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ နိုင်ငံတကာအရပ်ဘက်အဖွဲ့စည်း ၃၁၅ ဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ကြေညာခဲ့ပြီး အဆိုပါရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်တွေရဲ့ ခေါင်းဆောင်တွေဆီကို စာတစောင်ပေးပို့ကာ အရေးတကြီး တောင်းဆိုခဲ့ကြပါတယ်။
အဲဒီတောင်းဆိုချက်ထဲမှာ စစ်ကောင်စီကို နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အကူညီတွေမပေးဖို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို စေလွှတ်တာတွေ မပြုလုပ်ဖို့ ထည့်သွင်း တောင်းဆိုခဲ့ကြပြီး စစ်ခေါင်းဆောင်နဲ့ မိသားစုဝင်တွေရဲ့ ဆက်စပ်လုပ်ငန်းတွေကိုလည်း ပစ်မှတ်ထား အရေးယူဆောင်ရွက်ပေးဖို့ကို တိုက်တွန်းထားပါတယ်။
အဆိုပါ တိုက်တွန်းချက်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သန်းခွဲ ကျော်ရှိနေတယ်ဆိုတာကို ထောက်ပြထားပါတယ်။
မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ NUCC နဲ့ ဖက်ဒရယ်ယူနစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ တိုက်ရိုက်ဆက်သွယ်ပြီး လူထုအတွက် အကူအညီတွေပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အခုစာကို ကမ္ဘာတဝန်းရှိ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အဖွဲ့အစည်းတွေက လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။










