DVB Logo
Home
မြန်မာသတင်း
ကပစ ၂၄ အနီး ကာကင်းစခန်းနှင့် မောတောင်-ထုံခါလမ်းပိုင်းကို ပြန်လည်ရရှိရန် စစ်တပ်က ထိုးစစ်ဆင်နေ
DVB
·
September 3, 2025
ကပစ ၂၄ အနီး ကာကင်းစခန်းနှင့် မောတောင်-ထုံခါလမ်းပိုင်းကို ပြန်လည်ရရှိရန် စစ်တပ်က ထိုးစစ်ဆင်နေ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကပစ-၂၄ စက်ရုံအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူထားတဲ့ စစ်တပ် ကာကင်းစခန်းတစ်ခုကို ပြန်လည်ရယူဖို့ ဩဂုတ် ၂၉ ရက်က စတင်ပြီး စက်တင်ဘာ ၃ ရက်အထိ မြေပြင်စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းဟာ ဩဂုတ် ၂၉ ရက် မနက်ကစတင်ပြီး ကပစ-၂၄ ကနေ အင်အား ၂၀၀ ကျော်နဲ့ မြေပြင်စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်‌နေတာလို့ ပေါက်နယ် ဒေသခံတယောက်က ပြောပါတယ်။

“ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ ပေါက်မြို့နဲ့ ထီးလင်းနယ်အစပ်က ပုံတောင်နတ်ထိပ်မှာရှိတဲ့ ကာကင်းစခန်းအနီးအထိ အဲဒီစစ်ကြောင်းက ရောက်လာတယ်။ တိုက်ပွဲတော့ ခဏဖြစ်သေးတယ်။ နေ့ခင်း ၂ နာရီလောက်ကျတော့ တိုက်ပွဲဖြစ်တဲ့ နေရာအနီးတဝိုက်ကို Y12 ယာဉ်နဲ့ ဗုံးသီး ၃၀ ကျော် ထပ်ကြဲချပြီး စစ်ကူလုပ်ပေးသွားတယ်။ သူတို့ဘက်က လေယာဉ်နဲ့ပါ ဗုံးကြဲစစ်ကူပေးလို့ အနီးအနားက ကျေးရွာက ဒေသခံ ကျနော်တို့ နေရပ်စွန့်ခွာနေကြရတယ်” လို့  ပြောပါတယ်။

ပုံတောင်နတ်ထိပ် ကာကင်းစခန်းအနီးမှာ အထက်ကျော်၊ အောက်ကျော်၊ ပုလံကိုင်း၊ ကျင်း၊ ဒန်တီးရဲ၊ ထူး၊ ကျောက်ထု၊ နတ်အင်း၊ အညာဝတ်ပင်း၊ ဆင်းထိုး စတဲ့ကျေးရွာတွေ တည်ရှိတာလို့လည်း သိရပါတယ်။

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ကိုလရောင်က “ကျနော်တို့ ပေါက်နယ်ကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ မွှေနေတာ။ လေယာဉ်နဲ့လည်း ၃ ရက်ဆက်တိုက် ဗုံးသီးအလုံး ‌၉၀ ကျော် ကြဲချတယ်။ စစ်ကြောင်း ၂ ကြောင်းထဲက ပေါက်မြို့ကနေ နောက်ကြောင်းပြန်လှည့်တဲ့ စစ်တပ်ရိက္ခာယာဥ်တန်း ၁၀၀ ကျော်နဲ့ ခွေးအင်အား အများအပြားကတော့ ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ ကျနော်တို့ ပေါက်မြို့နယ်အစပ်နဲ့ ဆိပ်ဖြူနယ်အစပ်ကို ရောက်ရှိနေတယ်ဗျ။ အဲဒီစစ်ကြောင်းက ဆိပ်ဖြူမြို့နယ်ထဲမှာရှိတဲ့ ကပစ ၂၂ ကို သွားမယ်လို့ သိရပါတယ်။ နောက်ထပ်တကြောင်းက ကပစ-၂၄ ကနေ ထန်းပင်ချောင်း ရေနံမြေဆီကနေ ထိုးစစ်ဆင်လာတာဗျ။ အခုကတော့ ကပစ-၂၄ စက်ရုံကို ကာကင်းပေးထားတဲ့ ပုံ‌တောင်နတ်ထိပ်မှာရှိတဲ့ ကာကင်းစခန်း ပြန်ရရေးအတွက် ထိုးစစ်ဆင်နေတယ်” လို့ ပြောပါတယ်။

ပုံတောင်နတ်ထိပ် ကာကင်းစခန်းဟာ စစ်ကောင်စီတပ်ရဲ့ ကပစ-၂၄ကို အကာအကွယ်ပေးဖို့ တည်ဆောက်ထားတဲ့ စခန်းတခုဖြစ်ပြီး အဆိုပါစခန်းကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းဆည်းထားတာဖြစ်ပြီး လုံခြုံရေးအရ စခန်းသိမ်းနိုင်တာကို သတင်းမထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်-ထုံခါလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကောင်စီဘက်က တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာအနီးတဝိုက်မှာ လေယာဥ်ပစ်ကူအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အင်အားအများအပြားနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လာတယ်လို့ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေဆီမှ သိရပါတယ်။

သြဂုတ် ၂၉ ရက်ကတည်းကနေ စက်တင်ဘာ ၁ ရက်အထိ အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စက်တင်ဘာလ ၁ ရက်နေ့အထိ နောက်ဆုံး သိထားရတာကတော့ စစ်ကောင်စီဘက်က လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေ လုပ်နေတယ်။ အခုနောက်ပိုင်းမှာ စစ်ကောင်စီဘက်က နယ်စပ်ဒေသဖြစ်တဲ့ မောတောင်မြို့အပါအဝင် ထုံခါ-မောတောင်လမ်းပိုင်းက လူဦးရေများတဲ့ရွာတွေကိုလည်း ရွေးကောက်ပွဲအတွက် ပြန်လည်ထိန်းချုပ်ချင်တဲ့ သဘောရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ တကြိမ်မှာ ဗုံးမှားကြဲမိပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သိန်းခွန်းရွာတိုက်ပွဲကြောင့် မြေပြင်မှာ နှစ်ဖက် ထိခိုက်မှုတွေ ရှိနေပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။

အခုလက်ရှိမှာတော့ မြေပြင်တိုက်ပွဲတွေကြောင့်  သိန်းခွန်းရွာအပါအဝင် အနီးနားဝန်းကျင်မှ ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013