
ထိုင်း-မြန်မာနယ်စပ်က မောတောင်မြို့ကို မပြန်ရဲတဲ့ Non-CDM ဝန်ထမ်းတွေကို ဇူလိုင် ၁၀ ရက်နေ့မှာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျာထွေးက လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေက မပြန်ရဲတော့တာ ဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တယောက်က DVB ကို ပြောပါတယ်။
“မောတောင်ကို စစ်တပ်က ထိန်းချုပ်လိုက်တယ်လို့ ပြောပေမဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက မပြန်ရဲကြဘူး။ အဲဒါကို ဗျူဟာမှူးက အေးချမ်းသွားပြီဆိုပြီး အတင်းလိုက်ပို့တာ။ မောတောင် ရောက်တော့ လုံခြုံရေးအခြေအနေမကောင်းလို့ ဝန်ထမ်းတွေက ရဲစခန်း၊ စည်ပင်၊ စာသင်ကျောင်းနဲ့ အုပ်ချုပ်ရေးမှူးအိမ်တွေမှာပဲ နေနေရတယ်။”
ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းက မောတောင်မြို့ကို ဒုဗိုလ်မှူးကြီး ကျော်ဇေယျာထွေးနဲ့ စစ်ကြောင်းက Non-CDM ဝန်ထမ်း ၅၄ ယောက်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်တပ်လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေက မြို့ပေါ်လုံခြုံရေးယူကာ လာရောက်ခေါ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
Non-CDM ဝန်ထမ်းတွေ မောတောင်မြို့ကို ရောက်ရှိတဲ့ ဇူလိုင် ၁၀ ရက်မှာတင်ပဲ “မောတောင်ဒေသကို တိုက်ပွဲဝင်ဖို့ အသင့်အနေအထား ဖြစ်နေပြီ” လို့ KNU တပ်မဟာ (၄)၊ အမှတ် (၁၁) တပ်ရင်းလက်အောက်ခံ BLACK COBRA COLUMN စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
မောတောင်မြို့အဝင် (နကသဂိတ်) ကနေ အမှတ် (၉) ကျေးရွာအထိနဲ့ ထုံခါးလမ်းဆုံကနေ အမှတ် (၉) ကျေးရွာအထိကို အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်လိုက်ပြီး ကုန်တင်ကားတွေကို ကန့်သတ်ထားကာ၊ ဒေသခံပြည်သူတွေကိုလည်း ဆိုင်ကယ်၊ အိမ်စီးကားတွေနဲ့သာ သွားလာဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်ဘက်က တွန်းအားပေးပြီး ပြန်ခိုင်းနေပေမဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မပြန်သေးတဲ့ Non-CDM ဝန်ထမ်းတွေလည်း ရှိသေးတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“မပြန်ရသေးတဲ့ ဝန်ထမ်းတွေက မောတောင် ပြန်ဖို့အခြေအနေ စောင့်ကြည့်နေကြတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲထပ်ဖြစ်ရင် ထပ်ပြေးရမှာ။ ခဏခဏ ပြေးနေရရင် ကုန်ကျစရိတ် မတတ်နိုင်ဘူး။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က စစ်သုံ့ပန်း ၄၃ ယောက်ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီးနောက်၊ နိုဝင်ဘာ ၁၅ ရက်မှာ ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
Photo: Zaw Myo










