
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်က မိုးဗြဲဒေသမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲဖြစ်ပွားပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ခွဲ ၃၊ ကျွဲချိုတပ်ခွဲက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ခွဲက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၀ အရွယ် ရဲဘော် မောင်နေဆန်း (ခ) ကလ ဟာ မိုးဗြဲမြို့၊ စက်တော်ရာဘုရားကုန်းအနီးတိုက်ပွဲမှာ စစ်အာဏာရှင်ကိုတော်လှန်ရင်း သြဂုတ် ၃၁ ရက်က ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုးဗြဲ PDF ကျွဲချိုတပ်ခွဲ ပြန်ကြားရေးတာဝန်ခံက “တိုက်ခိုက်ရေးတာဝန် ၃ နှစ်ကျော်ကျော်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ လောလောဆယ် မိုးဗြဲမှာ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ စက်တော်ရာ တိုက်ပွဲမှာ ကျသွားတာပေါ့” လို့ ပြောပါတယ်။
ရဲဘော်မောင်နေဆန်း (ခ) ကလဟာ ၂၀၂၂ ခုနှစ်ကစပြီး ၃ နှစ်ကျော်ကြာအထိ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပြီး မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ရဲစွမ်းသတ္တိ၊ ပြည်သူ့ တိုက်ပွဲအတွက် အသက်ပေး စတေးခဲ့ရတာက ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
ကျွဲချိုတပ်ခွဲမှာ တော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်း ရဲဘော်တပ်ဖွဲ့ဝင် ၁၅ ယောက်အထိ ကျဆုံးခဲ့ရပြီး ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ရှိနေတာကြောင့် ဆေးဝါးကုသဖို့အတွက် ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
မိုးဗြဲမှာလည်း စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိတွေ့တိုက်ပွဲ အကြီး/အငယ်တွေဖြစ်တာအချို့ရှိလို့ နှစ်ဖက် အထိအခိုက် အကျအဆုံးရှိနေတယ်လို့ သိရပါတယ်။










