
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲအနောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
အောက်တိုဘာ ၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ရှောင်နဲ့ ဒေသခံတွေနေထိုင်တဲ့ ရွာကို ဗုံးကြဲတာကြောင့် ထိခိုက်ရသူ ၈ ယောက်ရှိပြီး ၂ ယောက် သေဆုံးရတာလို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “မိုးဗြဲအနောက်ခြမ်းက ရွာပေါ့။ အဲ့မှာ ပြောင်းစိုက်တောင်သူတွေ အရောင်းအဝယ်လုပ်နေချိန်မှာ ဗုံးကြဲခံရလို့ ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ နောက်ထပ် ၄ ဦးက ပြင်းထန်ဒဏ်ရာရတယ်၊ နောက်ထပ် ထိခိုက်မိသူတွေလည်း ရှိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
မိုးဗြဲဒေသမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဒရုန်းနဲ့ လေယာဥ်အသုံးပြု တိုက်ခိုက်နေသလို ကျေးရွာတွေထဲကိုလည်း ဗုံးကြဲတိုက်ခိုက်နေပါတယ်။
မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ မော်ချီးဒေသတွေကို စစ်တပ်က လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်တာကြောင့် စက်တင်ဘာလထဲ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။











