
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲအနောက်ဘက်ခြမ်းမှာ စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဒရုန်းနဲ့ကြဲလို့ အသက် ၃၀ ဝန်းကျင် အမျိုးသမီး ဒရုန်းထိမှန်သေဆုံးရတာလို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “မိုးဗြဲအနောက်ဘက်ခြမ်း၊ အမျိုးသမီး တဦး ဒရုန်းထိမှန်ပြီး သေရတာသိရတယ်။ အဲနေရာဝန်းကျင်ကပဲ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ နေရာ ရွှေ့ပြောင်း ရတာလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အောက်တိုဘာလထဲ တိုက်ပွဲ ဖြစ်ပွားတာ တွေရှိနေပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်နဲ့ ဒေသခံပြည်သူ အယောက် ၅၀၀ ဝန်းကျင် နေရာရွှေ့ပြောင်းရတယ်လို့ သိရပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို လည်း နေ့တိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ရှောင်ရတာလို့ ဆိုပါတယ်။
တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနိုင်တာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ ကန့်သတ်ထားတဲ့ နယ်မြေအတွင်း ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ Mobye-PDF က အသိပေးထုတ်ပြန်ထားပါတယ်။











