
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ လွယ်ယင်းတောင်ခြေမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၇ ရက်ကစပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အထိနာ တာကြောင့် ပြည်သူတွေရှိရာနေရာကိုပါ တိုက်ခိုက်နေလို့ ပြည်သူတွေ စစ်ရေးအထူးသတိထားဖို့ လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MB-PDF က အောက်တိုဘာ ၉ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
မြေပြင်ရဲဘော်တယောက်က “တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ။ မနေ့ညကလည်း Y12 တွေ တောက်လျှောက် ပတ်ကြဲနေတာ။ တိုက်ပွဲဖြစ်တာ ၃ ရက်ရှိပြီ။ ပြည်သူရှိတဲ့နေရာလည်း ကြဲတယ်” လို့ ပြောပါတယ်။
စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေအသုံးပြုတိုက်ခိုက်တာကြောင့် ပြည်သူနေအိမ်တွေ လည်း ထိခိုက်ပျက်စီးရသလို သေဆုံးတာတွေလည်း ရှိနေပါတယ်။
အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ကျေးရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရသလို စိုးရိမ်ရသူ ၄ ယောက်ရှိတယ်လို့ သိရပါတယ်။
လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေး အသိ၊ သတိရှိကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေ ကန့်သတ်ထားတဲ့ နယ်မြေအတွင်းကို ဖြတ်သန်းသွား လာခြင်း မပြုလုပ်ကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။











