DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို ဆက်တိုက်ဖမ်းဆီးနေ
DVB
·
September 3, 2025
ရခိုင်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို ဆက်တိုက်ဖမ်းဆီးနေ
Donate to DVB

ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်တွေမှာ မူးယစ်ဆေးဝါနဲ့ တရားမဝင် အရက် ရောင်းချနေမှုတွေကို ရဲတပ်ဖွဲ့ဖြစ်တဲ့ DELPS က ဖမ်းဆီးအရေးယူနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့အထဲမှာ ရဲတပ်ဖွဲ့ဝင်အချို့လည်း ပါဝင်ပြီး ဆက်စပ်သူတွေကို ကွင်းဆက် ဖမ်းဆီးနေတာလို့  DELPS ရဲတပ်ဖွဲ့ နီးစပ်သူတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးမှုတွေအထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ AA ရဲ့ ရဲတပ်ဖွဲ့ ၇ ယောက်လည်း ပါဝင်ပြီး သူတို့ဆက်စပ်သူ ၄ ယောက် အပါဝင် ၁၁ ယောက်ကို ဩဂုတ် ၃၀ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ DELPS နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ ပါဝင်မှုရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက်နဲ့ ဆက်စပ်သူ ၁၁ ယောက်ကို DELPS က ဖမ်းဆီးထားတယ်လို့ သိရတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့တွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ပြင်ဆင်မှုတွေသလို တခြားဆက်စပ်သူတွေကိုလည်း အရေးယူနိုင်ဖို့ ဆောင်ရွက်မှုရှိတယ်” လို့ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိနေတာကြောင့် သူတို့ကို စစ်ဆေးမေးမြန်းရာ ကတဆင့် နောက်ထပ် ရောင်းချသူ ၄ ယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

မူယစ်းဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ ပါဝင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက်မှာ တပ်သား ခန့်စိုးလင်း (၂၁ နှစ်)၊ ဒု-တပ်ကြပ် သန်းဟန် (၂၄ နှစ်)၊ တပ်သား ကျော်စိုးလှိုင် (၃၅ နှစ်)၊ တပ်သား အောင်နိုင်ဖြိုး (၂၀ နှစ်) တပ်သား မြင့်မြတ်အောင်နိုင် (၂၅ နှစ်)၊ တပ်သား ဘိုဆန်းယု(ခ)ဇော်လင်းအောင်(၂၂နှစ်)၊ တပ်သား သန်းတိုးအောင် (၂၄ နှစ်)နဲ့အတူ ရောင်းဝယ်သုံးစွဲနေကြတဲ့ ယိုးတရုပ်ကျေးရွာက ဇော်မျိုးလွင် (၂၂ နှစ်)၊ ဝင်းသန်း( ၄၂ နှစ်)၊ မျိုးဇော် (၃၆နှစ်) နန့်အောင်ဖြူပြင်ကျေးရွာက ရန်နိုင်စိုး တို့ ဖြစ်ကြပါတယ်။

ဒါအပြင် မင်းပြားမြို့နယ်မှာလည်း ဩဂုတ်လအတွင်း မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူ ၁၂ ယောက်ကို ကျပ်ငွေသိန်း ၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူထားတာတွေ ရှိတယ်လို့ ဒေသရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မင်းပြားနယ်မှာ ဩဂုတ်လအတွင်း မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူအချို့ကို DELPS တပ်ဖွဲ့က ဖမ်းဆီးထားတာ ရှိတယ်။ ဖမ်းဆီးရမိတဲ့ ကျပ်သိန်း ၆၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေလည်း ပါတယ်။ ဖမ်းဆီးရမိထားသူအထဲမှာ ရောင်းချသူ ၄ ယောက်နဲ့ ရောင်းဝယ် သုံးစွဲသူ ၈ ယောက် ပါဝင်တယ်။ သူတို့ကိုတော့ သက်ဆိုင်ရာက အမှုဖွင့်ထားတာရှိတယ်။”

ဩဂုတ် ၇ ရက်က မင်းပြားမြို့နယ်၊ မင်းရွာမှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ လင်မယား ၂ ယောက်ကို မူးယစ်ဆေးဝါး အများအပြားနဲ့  ဖမ်းဆီးရမိခဲ့သလို  ဩဂုတ် ၂၇ ရက်နဲ့  ၂၈ ရက်နေ့မှာလည်း မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှာ WY အလုံး ၉၀၊ ဆေးခြောက်တွေနဲ့အတူ ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲသူ ၈ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ 

ဒ့ါအပြင် ဩဂုတ် ၃၁ ရက်မှာလည်း မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာဟောင်းက WY အလုံး ၁၀,၀၀၀ နဲ့အတူ ရောင်းဝယ်ဖြန့်ဖြူးသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူတွေနဲ့ သုံးစွဲသူတွေကို အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး တားဆီးရေးဥပဒေ ပုဒ်မ ၁၉(က)၊ ၁၆ (ဂ) နဲ့ အမှုဖွင့်လှစ်ထားပြီး သုံးစွဲသူတွေကိုလည်း ပုဒ်မ ၂၁ နှင့် အမှုဖွင့်လှစ် အရေးယူထားတယ်လို့သိရပါတယ်။

ရခိုင်က မြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူတွေ အရင်ကထက် မြင့်တက်လာနေပြီး ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့နယ် ဝတ်ကျိတ်ကျေးရွာမှာရှိတဲ့ နန်းဒေဝီ KTV ဆိုင်ကနေ ရခိုင်ပြည်နယ်အတွင်း ရောင်းချခွင့် ပိတ်ပင်ထားတဲ့ စစ်ကောင်စီထုတ် Grand အရက်နဲ့ ဘီယာတွေကို ဩဂုတ် ၃၀ မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ DELPS တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အခု ဖမ်းဆီးခဲ့တဲ့ KTV ဆိုင်မှာ တားမြစ်အရက်တွေကို တရားမဝင်ရောင်းချနေတဲ့လို့ သတင်းရတာကြောင့် ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်။ တားမြစ် အရက်တွေကိုလည်း အားလုံးကို သိမ်းဆည်းခဲ့တယ်။ ဆိုင်နဲ့ သက်ဆိုင်တဲ့သူတွေကိုလည်း ဥပဒေအရ အရေးယူဖို့ လုပ်နေတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

တောင်ကုတ် နန်းဒေဝီ KTV ဆိုင်ကနေ Grand အရက် ၃၈ ပုလင်း၊ ANDAMAN ဘီယာအရှည် ၇၁ ဘူးနဲ့ ABC ဘီယာအတို ၇၀ ဗူးတို့ကို DELPS အဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ပြည်ပနဲ့ ပြည်မထုတ် အရက်နဲ့ မူးယစ်ကုန်တွေကို ရောင်းချခွင့် ပိတ်ပင်ထားတာဖြစ်ပြီး ဖမ်းဆီးမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013