DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှား ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ 
DVB
·
September 3, 2025
အင်ဒိုနီးရှား ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ 
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ နိုင်ငံအနှံ့ အရှိန်မြင့်လာခဲ့တာကြောင့် ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက်မှာ လူ ၈ ယောက် သေဆုံးခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုအဖြစ် မှတ်တမ်းကျန်ခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်က မြို့တော်ဂျာကာတာရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ စစ်တပ် ကင်းလှည့်မှုတွေ ရှိခဲ့ပြီး နေအိမ်ကနေ အလုပ်လုပ်ဖို့နဲ့ စာသင်တန်းတွေကိုလည်း အွန်လိုင်းသင်ကြားမှုတွေ ခွင့်ပြုပေးထားလို့ လမ်းပေါ်မှာ ယာဉ်အသွားအလာနဲ့ စီးပွားရေးလုပ်ငန်းတွေ ကျဲပါးနေပါတယ်။

စစ်တပ် ဦးဆောင်တဲ့ လုံခြုံရေးအင်အားတွေကို  ထူထူထပ်ထပ် ချထားမှုကြောင့် တချို့ဆန္ဒပြပွဲစီစဉ်သူတွေဟာ ဂျာကာတာမှာ လူစုလူဝေးလုပ်ဖို့တွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒါပေမဲ့လည်း ကျောင်းသား ဆန္ဒပြသူအုပ်စုတွေဟာ မြို့တော် ဂျကာတာအပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုအချက်အချာဖြစ်တဲ့ ယိုဂယာ့ကာတာနဲ့ သီတင်းပတ်ကုန်ရက်က အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ဘန်းဒူနဲ့ မာကက်ဆာမြို့တွေမှာ စုဝေးခဲ့ကြပါတယ်။

ဆူလာဝေစီကျွန်းရှိ မာကက်ဆာမှာ သြဂုတ် ၂၉ ရက်က မီးလောင်ခဲ့တဲ့ ဒေသလွှတ်တော်  အဆောက်အအုံနဲ့ နီးကပ်တဲ့နေရာမှာ လူအုပ်စုဝေးမှု ရှိခဲ့ပါတယ်။ 

သြဂုတ် ၃၁ ရက်မှာ သမ္မတ ပရာဘိုဝိုဟာ ဆန္ဒပြသူတွေကို အဓိက လိုက်လျောတဲ့အနေနဲ့ ဥပဒေပြုအမတ်တွေရဲ့ ခံစားခွင့်တွေကို ဖြတ်တောက်ကြောင်း ကြေညာခဲ့ပြီး တဖက်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေဟာ တရားဥပဒေစိုးမိုးရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ 

ဆန္ဒပြသူ ၁၂,၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဂျကာတာ ရဲချုပ်က ပြောပါတယ်။ လူပေါင်း ၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီးတော့ ဂျာကာတာမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆန္ဒပြမှုတွေအတွင်း အခြေခံအဆောက်အအုံပျက်စီးမှု ဒေါ်လာ ၃ ဒသမ ၄ သန်းဖိုးရှိခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးမှူး ပရာမိုနို အားနွန်းက ပြောကြားခဲ့ပါတယ်။

ဆန္ဒပြမှုတွေအတွင်း လူ ၈ ယောက် သေဆုံးခဲ့ကြောင်း စီးပွားရေးဝန်ကြီး အိုင်ယာလန်းဂါ ဟားတားတို့က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ တပတ်လောက်က လွှတ်တော်အမတ်တွေအတွက် တိုးမြှင့်ခံစားခွင့်တွေလိုမျိုး အစိုးရရဲ့ ဦးစားပေး အသုံးစရိတ်တွေကို စတင်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့မော်တော်ယာဉ်က ဝင်တိုက်မှုကြောင့် ဆိုင်ကယ်တက္ကစီ မောင်းသူတယောက် သေဆုံးခဲ့ပြီးနောက်မှာ ရုန်းရင်းဆန်ခတ်တွေနဲ့ လုယက်မှုတွေအဖြစ် အရှိန်မြင့်လာပါတယ်။

ဘဏ္ဍာရေးဝန်ကြီး အပါအဝင် နိုင်ငံရေးပါတီဝင်တွေရဲ့ နေအိမ်တွေ လုယက်ခံရပြီး နိုင်ငံပိုင်အဆောက်အအုံတွေထဲ ဖောက်ထွင်းကာ မီးရှို့ဖျက်ဆီးခံရခြင်းတွေဟာ ရာထူးသက်တမ်း ၁ နှစ်နီးပါးသာရှိသေးတဲ့ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုရဲ့ အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013