DVB Logo
Home
မြန်မာသတင်း
ဥတ္တရသီရိမြို့နယ်၌ မုဒိမ်းကျင့် သတ်ဖြတ် လုယက်သူ ၂ ဦး ဖမ်းမိ
DVB
·
September 3, 2025
ဥတ္တရသီရိမြို့နယ်၌ မုဒိမ်းကျင့် သတ်ဖြတ် လုယက်သူ ၂ ဦး ဖမ်းမိ
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာမှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ကာ ရွှေထည်ပစ္စည်း လုယက်ခဲ့သူ ၂ ယောက် ကို စက်တင်ဘာ ၁ ရက် ည ၇ နာရီက ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၇ နာရီက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေလုပ်ငန်းခွင်ထဲမှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖမ်းမိခဲ့ပြီး ဥတ္တရသီရီမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“လုတဲ့သူတွေကို မနေ့ညက ဇမ္ဗူသီရိက ပန်းရန်ဆိုက်ထဲမှာ မိတယ် ပြောတယ်။ လုသွားတဲ့ နားကပ်ရော လက်စွပ်ရော ပြန်ရတယ်။ လုတဲ့သူတွေက ဒီက မဟုတ်ဘူး။ တခြားမြို့နယ်က ပန်းရန်လာလုပ်တဲ့သူတွေ။”

လတ်တလောမှာတော့ ဖမ်းဆီးခံထားရတဲ့ သောင်းဝင်းအောင် (ခ) ချစ်ဖူး နဲ့ သိန်းဇော် (ခ) ကိုသိန်း တို့ကို ဥတ္တရသီရိမြို့နယ် ရဲစခန်း စစ်ဆေးနေပါတယ်။

ပြစ်မှုကျူးလွန်သူ ၂ ယောက်မှာ သြဂုတ် ၃၀ ရက်ညနေ ၆ နာရီခွဲက ဥတ္တရသီရီမြို့ မောင်းရမ်းကျေးရွာမှာနေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရွှေထည် နားကပ်နဲ့ လက်စွပ်တွေ ချွတ်ယူသွားခဲ့တာလို့ ဖြစ်စဥ်သိသူ တယောက်က  ပြောပါတယ်။

“အစက ရိုက်ပြီးလုဖို့ပဲလောက်ပဲ ရည်ရွယ်တာ လူရှင်းတော့ မုဒိမ်းကျင့် သတ်ဖြတ် လုယက်တဲ့ထိ ဖြစ်သွားတာ။ ဒါကြောင့် တယောက်တည်း သွားလာတဲ့ အမျိုးသမီးတွေအနေနဲ့ သတိထား သင့်တယ်။ ဘယ်နေရာမှ မလုံခြုံပါဘူး။ လူပြတ် လူရှင်းတဲ့နေရာဆို ပိုပြီး အန္တရာယ်ရှိပါတယ်။”

ဇူလိုင် ၁၇ ရက် မနက်ကလည်း ဥတ္တရသီရိမြို့နယ်၊ သပြေကုန်းကျေးရွာ လေးကျွန်း မဏ္ဍိုင်ဘုန်းကြီးကျောင်းမှာ ၇၄ နှစ်အရွယ် ကပ္ပိယကြီးကို ရိုက်သတ်ပြီး ဖုန်းနဲ့ ငွေ ၇၀,၀၀၀  လုယက်ခဲ့တဲ့ အမျိုးသား ၃ ယောက်ကို ခရိုင်တရားရုံးက စစ်ဆေးနေပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခဲ့သူတွေကို ပုဗ္ဗသီရိ၊ လယ်ဝေး၊ ဥတ္တသီရိမြို့နယ်နဲ့ ဇေယျာသီရိခရိုင် တရားရုံးက သေဒဏ်ကြိုးမိန့်တွေ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013