DVB Logo
Home
မြန်မာသတင်း
ငွေဖောင်းပွမှုနှင့် စီးပွားရေး ကျဆင်းမှုကြောင့် မြန်မာပြည်သူများ ဖိအားဆက်တိုးလာ
ဝေဝေ
·
June 23, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်ထက် ငွေကြေးဖောင်းပွမှုက ဆက်တိုက်မြင့်တက်နေပြီး စီးပွားရေးတိုးတက်နှုန်းတွေကလည်း ကျဆင်းလာတာကြောင့် မြန်မာပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းနဲ့အတူ ဖိအားတွေ ဆက်တိုက်တိုးလာနေပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ဆက်တိုက်မြင့်နေပြီး စီးပွားရေးတိုးတက်နှုန်းလည်း ကျဆင်းလာတာကြောင့် ပြည်သူတွေရဲ့ လူနေမှုစရိတ်နဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဖိအားတွေ ပိုမိုကြီးထွားလာနေကြောင်း ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်တဲ့ Myanmar Economic Monitor အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လောင်စာဆီဈေးနှုန်း မြင့်တက်တာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တိုးလာတာကြောင့် ကုန်စည်နဲ့  ဝန်ဆောင်မှုဈေးတွေဟာလည်း ဆက်တိုက်မြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၆ ခုနှစ် ဧပြီလမှာတော့  ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

အိမ်ထောင်ရှင်မတယောက်က “ကုန်ဈေးနှုန်းတွေက တရိပ်ရိပ် တက်လာတဲ့အခါကျတော့ အိမ်သုံးစရိတ်ကို စီမံရတဲ့အခါ တော်တော်ကို ခက်ခဲပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေနဲ့က လုံးဝ မမျှတဘူး။ ကုန်ဈေးနှုန်းက တနှစ်ထက်တနှစ် ပိုပိုပြီးတော့ တက်တက်လာတာလေ။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အစစအရာရာ အကုန်လုံး။ ဥပမာပေါ့ ဝင်ငွေ တရက်ကို ၂၀,၀၀၀ ရှိတယ်ပဲထား။ ၂၀,၀၀၀  ဆိုရင်တောင်မှ ထွက်တဲ့ငွေက အဲဒီ ၂၀,၀၀၀  မကဘူး။ ၂၀,၀၀၀  မကတဲ့ အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ အကြွေးတင်လာတာ ဖြစ်လာရော။ အဲဒီ အကြွေးတင်လာတဲ့အခါ အဲဒီအကြွေးကို ဆပ်ဖို့ အတိုးတွေက ပိုပြီးတော့ ပါလာရော။ လူတွေက စိတ်ဒဏ်ရာတွေ စိတ်သောကတွေမျိုးစုံ ခံစားလာရတာပေါ့နော်” လို့ ပြောပါတယ်။

တဖက်မှာတော့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကလည်း ကုန်ကျစရိတ်မြင့်တက်တာ၊ လျှပ်စစ်ဓာတ်အား မတည်ငြိမ်တာတွေနဲ့ နိုင်ငံခြားငွေဖိအားတွေကြောင့် ခက်ခက်ခဲခဲ ရပ်တည်နေရပြီး မြန်မာ့စီးပွားရေးတိုးတက်နှုန်းကို ၃ ရာခိုင်နှုန်းလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားရာကနေ အခုမှာတော့ ၂ ရာခိုင်နှုန်းလို့သာ လျှော့ချ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တယောက်က “ရလာတဲ့အမြတ်ကို ပြန်ပြီးတော့ Run နေရတယ်။ ဒီလုပ်ငန်းလေး မပျက်သွားအောင်လို့ မှေးနေရတဲ့ သဘောမှာပဲရှိတာ။ တကယ်တမ်း မြတ်လားဆိုတော့ မြတ်တယ်။ ဒါပေမဲ့ ပြန်ရင်းနှီးရတဲ့ အရင်းအနှီးနဲ့က ကိုယ့်အတွက် ဘာမှမကျန်ဘူးပေါ့နော်။ အခုကတော့ ဒီပုံစံအတိုင်းဆိုရင် ဒီဥစ္စာက ပြန်ကျဖို့လည်း မရှိတော့ဘူးဗျာ။ ဆိုတော့ လုပ်သာလုပ်နေရတယ်၊ ကိုယ့်ဆီကလူတွေ အပြင်ထွက်မသွားအောင် ထိန်းထားတဲ့ ပုံစံမျိုးနဲ့ပဲ ဆက် Run နေတဲ့ အပေါ်မှာ ရှိတာ။ ဒီထက်ပိုဆိုးလာရင်တော့ ကျနော်တို့လည်း အလုပ်နားရင် နားရမှာပေါ့ဗျာ။ အလုပ်မလုပ်ဘဲနဲ့ ထိုင်နေတာမှ ပိုကောင်းတဲ့ပုံစံမှာ ရှိတယ်” လို့ ပြောပါတယ်။

မြန်မာပြည်သူတွေဟာ အလုပ်အကိုင် ရှိပေမဲ့လည်း အရည်အသွေး ကျဆင်းလာနေပြီး အချိန်ပိုင်း၊ နေ့စား၊ အလွတ်တန်း အလုပ်တွေ ပိုများလာကြောင်းနဲ့ ဆင်းရဲနွမ်းပါးမှုတွေကလည်း ဆက်လက် မြင့်မားနေတယ်လို့  ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ Myanmar Economic Monitor အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013