DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေးညီလာခံတွင် စစ်တပ်ကို အရေးယူနိုင်ရန် ဆွေးနွေးခဲ့
DVB
·
September 2, 2025
Featured image for post 722290
1 / 5
Donate to DVB

ကော့ဘဇားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအပါအဝင် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူဆောင် ရွက်နိုင်ဖို့ အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး “သက်ဆိုင်သူများ၏ ဆွေးနွေးပွဲ- ရိုဟင်ဂျာ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံမှ ရလဒ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၃ ရက်ကြာ နိုင်ငံတကာညီလာခံတရပ် ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေအဖြစ် ထွက်ပြေးခိုလှုံခဲ့ကြရတာ ၈ နှစ်မြောက်နေ့မှာပဲ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ညီလာခံတရပ်ကို တိုက်ဆိုင်ကျင်းပခဲ့တာလို့ သိရပါတယ်။

အဲဒီညီလာခံဆွေးနွေးပွဲမှာ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ နဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူဆောင်ရွက်နိုင်ဖို့ စတဲ့ အကြောင်းအရာတွေကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာကလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်အပေါ် ဖိအားပေးဖို့လိုအပ်တယ်လို့ အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ရဲ့ ပူးတွဲဥက္ကဋ္ဌ ဦးနေဆန်းလွင်က ပြောပါတယ်။

“၂၀၁၇ ခုနှစ် မတိုင်ခင်ကတည်းက မြန်မာစစ်တပ်နဲ့ အစိုးရအဆက်ဆက် ဘယ်လိုပုံစံမျိုးနဲ့ သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအထိ ကျူးလွန်ခဲ့သလဲ ဆိုတာတွေ၊ လက်ရှိအချိန်မှာ AA ရဲ့ လက်အောက်မှာ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်ခံနေ ရတာတွေနဲ့၊ ကျနော်တို့ရဲ့ အမိမြေကို ဘယ်လိုပုံစံမျိုးနဲ့ အမြန်ဆုံးပြန်နိုင်မလဲ၊ တရားမျှတမှုရရှိရေးနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို အသေးစိတ်ဆွေးနွေးဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို အရေးယူသလိုမျိုး AA ကိုလည်း နိုင်ငံတကာတရားရုံးတွေမှာ အရေးယူဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားဖို့ ဆွေးနွေးကြတယ်။ တကယ်တမ်းလည်း အရေးယူဖို့ ဆောင်ရွက်နေတာမျိုးတွေ ရှိနေပါပြီ။ နေရပ်ပြန်‌ရေးဆိုတာမှာ အသိအမှတ်ပြုမှု၊ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာဆိုတာတွေက အရမ်းအရေးကြီးပါတယ်။”

ဒီကော့ဘဇားညီလာခံက လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ရိုဟင်ဂျာအရေးနဲ့ပတ်သတ်ပြီး အဆင့်မြင့်ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှု တရပ်ဖြစ်ပြီး လာမယ့်ညီလာခံမှာမှ ဆွေးနွေးပွဲရလဒ်အဖြေထွက်နိုင်မယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ် အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနတွေ၊ နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ နဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ ကြပါတယ်။

ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကြုံတွေ့နေရတဲ့ ရိက္ခာဖြတ်တောက်ခံရမယ့် အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံကနေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း ပါဝင်ပြီး လိုအပ်တဲ့ ရန်ပုံငွေတွေ ရရှိနိုင်ဖို့အတွက် ဒီညီလာခံက တွန်းအားပေးစေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေ ဖြတ်တောက်ခံထားရတာကြောင့် အခက်အခဲတွေ အများကြီးကြုံတွေ့နေရတယ်လို့ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကာမာလ်ဟူဆိန်း က ပြောပါတယ်။

“ကျနော်တို့ရဲ့ ရိက္ခာကလည်းဖြတ်တောက်ခံထားရတာရှိတယ်။ ဒီမှာရှိတဲ့သူတွေက အဲဒီစားနပ်ရိက္ခာကိုပဲ မူတည်ပြီးနေနေရတာပါ။ တခြားဝင်ငွေလည်း မရှိပါဘူး၊ ရှိလာမှာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အဲဒီရိက္ခာကို ဖြတ်တောက်လိုက်ရင် ကျနော်တို့က အခက်အခဲတွေ အများကြီးကြုံတွေ့ရမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ချင်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရက ဘာတခုမှ လက်ခံခဲ့တာမရှိဘူး။ ကျနော်တို့လည်း အာမခံချက် တစုံတရာ မရမချင်း ပြန်လာမှာတော့မဟုတ်ဘူး၊ အာမခံချက်တခုတော့ လိုချင်ပါတယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်း ရှိနေပြီး အများစုဟာ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013