DVB Logo
Home
နိုင်ငံတကာ
အမေရိကန်မှ နှင်ထုတ်လိုက်သည့် ကလေးများကို လက်ခံမည်ဟု ဂွါတီမာလာသမ္မတပြော 
DVB
·
September 2, 2025
အမေရိကန်မှ နှင်ထုတ်လိုက်သည့် ကလေးများကို လက်ခံမည်ဟု ဂွါတီမာလာသမ္မတပြော 
Donate to DVB

ဂွါတီမာလာနိုင်ငံဟာ အမေရိကန်နိုင်ငံမှ အုပ်ထိန်းသူမရှိတဲ့ ကလေးတွေကို တပတ်ကို စုစုပေါင်း ၁၅၀ လောက် အသက်အရွယ်မရွေး လက်ခံဖို့ဆန္ဒရှိပြီး လက်ခံဖို့လည်း အဆင်သင့်ပဲလို့ သမ္မတ ဘယ်နာဒို အာရီဗာလိုက စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ အမေရိကန်ဖယ်ဒရယ်တရားသူကြီးက ဂွါတီမာလာ ကလေး ၁၀ ယောက်ကို ပြည်နှင်ဒဏ်ပေးမှုကို ရပ်ဆိုင်းလိုက်ပြီး နောက်တရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အရုဏ်မတက်ခင် အရေးပေါ် အယူခံ တောင်းဆိုချက်အပေါ် တရားရုံးက တုံ့ပြန်ခဲ့ပြီးနောက်မှာ   လေယာဉ်ပေါ် တင်ထားပြီးသား အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြားရှိ ကလေး ၁၀ ယောက်ကို ဒုက္ခသည်များ ပြန်လည်နေရာချထားရေးရုံး (ORR) က ဦးစီးတဲ့ စခန်းတွေကို ပြန်ပို့ထားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၁ ရက် တရားရုံးမှာ တင်သွင်းထားတဲ့ အမှုတွဲထဲမှာ ထုတ်ပြန်ထားပါတယ်။

အာရီဗာလိုက သူ့အစိုးရဟာ အုပ်ထိန်းသူမရှိတဲ့ အရွယ်မရောက်သေးသူတွေကို လက်ခံဖို့ အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း ဂွါတီမာလာစီးတီးက သတင်းထောက်တွေကို ပြောပါတယ်။

“ကလေးတွေ ဘေးကင်းကင်းပြန်လာနိုင်ဖို့ကို စီစဉ်ပေးဖို့က သူတို့ရဲ့မိသားစုဝင်တွေကို ဖော်ထုတ်သိရှိနိုင်မှုအပေါ် မူတည်နေတယ်။ ဒါပေမဲ့ သူတို့ကို ပို့ဖို့ ဆုံးဖြတ်ချက်၊ အရေအတွက်နဲ့ လုပ်ငန်းအဆင့်တွေက အမေရိကန်အစိုးရနဲ့ သက်ဆိုင်နေပြီး လောလောဆယ်မှာ ဥပဒေရေးရာ အငြင်းပွားမှုတွေ ရှိနေတယ်။”

ဒီပြည်နှင်ဒဏ်ပေးခံရမှုတွေဟာ ကွန်ဂရက်က သူတို့ကို ထိခိုက်လွယ်တဲ့ ကလေးတွေအဖြစ် ပေးအပ်ထားတဲ့ ဥပဒေရေးရာ အကာအကွယ်တွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်တာလို့  ကလေးသူငယ်တွေဘက်က ရှေ့နေတွေက တရားရုံးမှာ စွဲချက်တင် ငြင်းခုံခဲ့ကြပါတယ်။

ဂွါတီမာလာကို ပြန်ရောက်သွားရင် ကလေးတွေဟာ အန္တရာယ်နဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကြုံတွေ့ရနိုင်တယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။

အမှုကို ဆက်လက်စောင့်ကြည့်နေချိန်အတွင်း ကလေးတွေကို ပြန်ပို့တာကို ၁၄ ရက်  ရပ်ဆိုင်းထားဖို့ ခရိုင်တရားသူကြီး စပါကယ်လ် ဆွတ်ခ်နာနန်က အမိန့်ထုတ်ထားပါတယ်။

အဲဒီအမိန့်အရ အမေရိကန်တောင်ပိုင်းနယ်စပ်ကို ကျော်ဖြတ်လာပြီးနောက် အမေရိကန် အုပ်ချုပ်မှုအောက်မှာ ရောက်ရှိနေတဲ့ အုပ်ထိန်းသူမဲ့ ဂွါတီမာလာကလေးတွေ ရာနဲ့ချီကို အကာအကွယ်ပေးနိုင်ပါတယ်။

မိဘအုပ်ထိန်းသူတွေ မပါဘဲ အမေရိကန်မြေထဲ ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ ကလေးတွေဟာ နိုင်ငံတွင်း ရှိပြီးသား ဆွေမျိုးတွေနဲ့အတူ နေထိုင်ကြတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။

ကလေးတွေဟာ သူတို့ရဲ့ ခိုလှုံခွင့်နဲ့ တခြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တောင်းဆိုမှုတွေကို လုပ်ဆောင်နေချိန်မှာ ဥပဒေအရ မြင့်မားတဲ့ အကာအကွယ်တွေကို ခံစားခွင့်ရှိပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတ ထရမ့်ပ်ဟာ သူ့အရင်သမ္မတတွေထက် ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးမှု ပိုလုပ်မယ်ဆိုတဲ့ ကတိနဲ့ ဇန်နဝါရီလမှာ အိမ်ဖြူတော်ကို ပြန်ရောက်ရှိလာခဲ့တာပါ။

ထရမ့်ပ်ရဲ့ ပြည်နှင်ဒဏ်ပေးရေး အရှိန်မြှင့် လုပ်ဆောင်ချက်တချို့ဟာ လိုက်နာရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကို ချိုးဖောက်နေတာကိုလည်း တရားရုံးတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013