DVB Logo
Home
ဆောင်းပါး
မင်းအောင်လှိုင်နှင့် ဆက်ဆံ၍ အိန္ဒိယ မည်သို့ အကျိုးအမြတ် ထွက်လာနိုင်သနည်း
DVB
·
September 2, 2025
မင်းအောင်လှိုင်နှင့် ဆက်ဆံ၍ အိန္ဒိယ မည်သို့ အကျိုးအမြတ် ထွက်လာနိုင်သနည်း
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီသည် တီယန်ကျင်းတွင် ပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO) သို့ တက်ရောက်ရန် ဂျပန်မှတဆင့် ရောက်ရှိလာပြီ ဖြစ်သည်။

၇ နှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိလာ‌သော အိန္ဒိယဝန်ကြီးချုပ်အား ကော်ဇော်နီခင်း၍ တရုတ် အထက်တန်း အရာရှိကြီးများက ခမ်းခမ်းနားနား  ကြိုဆိုခဲ့ကြသည့် သတင်းဓာတ်ပုံများ ထွက်လာနေသော်လည်း မင်းအောင်လှိုင်အား ထိုသို့ကြိုဆိုခဲ့သည့် အ‌ထောက်အထားမျိုး မတွေ့ရသေးပေ။ ၎င်းအား တရုတ် သယံဇာတဝန်ကြီး ဂွမ်ကျိုးက တီယန်ကျင်းရှိ ပင်ဟိုင်း နိုင်ငံတကာလေဆိပ်တွင် ကြိုဆိုခဲ့သည်ဟု သိရသည်။

မင်းအောင်လှိုင်သည် SCO ထိပ်သီးအစည်းအဝေးသို့ တာလီဘန်များနှင့်အတူ ‌လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ယင်းနှင့်အတူ မင်းအောင်လှိုင်နှင့်ပါ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မိုဒီက ကုန်သွယ်မှု၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုများနှင့် လုံခြုံရေကိစ္စများ ဆွေးနွေးခဲ့သည်ဟု သိရသည်။ မြန်မာအားလည်း အိန္ဒိယ၏ အရှေ့အာရှ မူဝါဒ၏ အရေးပါသော ဒေါက်တိုင်ကြီးဖြစ်သည်ဟုလည်း ပြောသွားခဲ့သည်။

ရွေးကောက်ပွဲပြုလုပ်မည်ကို ကြိုဆိုပြီး အားလုံးပါဝင်နိုင်သည့် လွတ်လပ် တရားမျှတသည့် ‌ရွေးကောက်ပွဲမှတတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။ ဆွေးနွေးခြင်းသည်သာ နိုင်ငံတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ရရှိလာမည့် တခုတည်းသောနည်းလမ်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ဒေါ်နယ်ထရမ့်ပ်၏ မဆင်မခြင် လုပ်ခဲ့မှုကြောင့် အိန္ဒိယနှင့် အမေရိကန်တို့ ခွာပြဲနေပြီး QUAD အဖွဲ့ကြီး၏ အနာဂတ်လည်း မရေမရာ ဖြစ်လာနေသည်။ အိန္ဒိယသည် SCO ထိပ်သီးအစည်အဝေးအား လွန်စွာ အရေးပါလာနေပြီဟု ယူဆနေချိန်လည်း ဖြစ်သည်။

တရုတ်သည် မြန်မာ့အရေးတွင် ထဲထဲဝင်ဝင် ပတ်သက်ပြီး ၎င်းတို့အကျိုးစီးပွားများ စိတ်ချရအောင် ဖန်တီးနိုင်ခဲ့သော်လည်း အိန္ဒိယသည် “စောင့်ကြည့်မည်” ဆိုကာ ဘာသိဘာသာ နေခဲ့ခြင်းကြောင့် အိန္ဒိယ၏ ဆက်သွယ်ရေးစီမံကိန်း နှစ်ခုဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးနှင့် အိန္ဒိယ ‌အရှေ့မြောက်ဒေသနှင့် မြန်မာအား ရေလမ်း၊ ကုန်းလမ်းနှင့် ချိတ်ဆက်‌မည့် ကုလားတန် ဘက်စုံကူးသန်းသွားလာရေး စီမံကိန်းများက ရေစုံမျောနေပြီ ဖြစ်သည်။

လုံခြုံရေးဘက်တွင်လည်း မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် မဏိပူရရှိ ကူကီးအဖွဲ့များ အကြား ပို၍ ဆက်နွှယ် ပတ်သက်လာခြင်းကို အိန္ဒိယ ထောက်လှမ်းရေးအဖို့ စိုးရိမ်မကင်းစရာ ဖြစ်လာနေသည်။ နိုင်ငံတွင်း ပဋိပက္ခ ရှည်ကြာလာသည်နှင့်အမျှ အိန္ဒိယ အရှေ့မြောက်ဒေသတွင် စစ်သွေးကြွများ၏ ပုန်ကန်မှု ထပ်မံဖြစ်ပွားလာနိုင်သည်။

အိန္ဒိယသည် မြန်မာ့အရေးတွင် ကြားနေ နေ၍ မြန်မာတော်လှန်ရေးအဖွဲ့များ၏ ရန်လိုလာမည့် အရေးကို ရှောင်ရှားနိုင်ခဲ့သည်။ အကယ်၍ အိန္ဒိယသည် မြန်မာ့အရေးတွင် တရုတ်နှင့် ပူးပေါင်းလာမည်ဆိုက မြန်မာတော်လှန်ရေးအဖွဲ့များနှင့် ကဏ္ဋကောစ ဖြစ်သွားနိုင်သည်။ တရုတ်ဘက်ကမူ သံတမန်ရေး၊ ကိုယ်ကျင့်တရားပိုင်းတို့တွင် ရှိသမျှ အကုန်ထုတ်ကာ ပုံအောထားပြီး ဖြစ်သည်။ SCO တွင်လည်း အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာရေး ထောက်ခံပေးသွားမည်ဟု ရှီကျင့်ဖျင်က ပြောဆိုလာခဲ့သည်။

လက်ရှိတွင် မြန်မာသည် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရပြီး ကျေးဇူးခံ ကျေးဇူးစား ဘဝနှင့် ရပ်တည်နေကြရပြီ ဖြစ်သည်။ ထို့အတွက် တရုတ်နှင့်ပေါင်း၍ မြန်မာအရေး ‌ဖြေရှင်းမည်ဆိုက အိန္ဒိယအတွက် မြန်မာတို့၏ သမိုင်းအဆက်ဆက် အိန္ဒိယအား စာနာနားလည်မှု ဆုံးရှုံးသွားနိုင်သည်ဟု အိန္ဒိယရှိ The Federal စာစောင်တွင် ထောက်ပြထားသည်။

လက်ရှိတွင် ပြည်တွင်းစစ်သည် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း တရုတ်၏ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိအား အပြင်းအထန်ပေးခဲ့သည့်အတွက် စစ်အုပ်စုဘက်မှ ဆုံးရှုံးသွားသည့် နယ်မြေအချို့ ပြန်ရသွားခဲ့သော်လည်း ၎င်းတို့ တိုက်ယူရမည့် ဒေသများက အမြောက်အမြား ရှိနေဆဲပင် ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂနှင့် အင်အားကြီးနိုင်ငံများက ဝင်ရောက် ဖျန်ဖြေပေးခြင်း မရှိက တရုတ်လည်း စစ်အုပ်စုအား ကယ်တင်ဖို့သာ တတ်နိုင်ပြီး ပြည်တွင်းစစ်က ဆက်လက်ဖြစ်ပွားနေ‌မည်သာ ဖြစ်သည်ဟု ရေးသားထားသည်။

တရုတ်သည် ပြဿနာ၏ အရင်းခံဖြစ်နေသော မင်းအောင်လှိုင်အား ဖယ်ရှားရန် လူစုခဲ့ပုံရသော်လည်း ယခုလိုအချိန်မျိုးတွင် ၎င်းနေရာအား မည်သူမျှ ဝင်ယူလိုပုံမရသဖြင့် နောက်ဆုတ်သွားပြီး ရွေးကောက်ပွဲလမ်းကြောင်းဖြင့် မင်းအောင်လှိုင်အား ဖယ်ထုတ်နိုင်လိမ့်မည်၊ ဆက်၍ ပေကပ်နေကလည်း ရုပ်ပြ သမ္မတအဖြစ် ထားနိုင်လိမ့်မည်ဟု တွက်ဆလာပုံရသည်။

မင်းအောင်လှိုင်နှင့် ဆက်ဆံနေသူ မှန်သမျှသည် မိမိတို့ တော်လှန်ရေး မအောင်မြင်နိုင်ဟု အထင်သေးနေကြ‌၍သာ ဖြစ်သည်။ အထင်သေးသည်က အရေးမကြီး၊ ၎င်းတို့နှင့် ဆက်ဆံခွင့်ရနေ၍ စစ်အုပ်စုသည် လက်ရဲ ဇက်ရဲ ဖြစ်လာနေ၊ ၎င်းတို့၏ လူမဆန်စွာ ရက်စက်စွာ ပြုကျင့်နေမှုများကို အတိုင်းအဆမဲ့စွာ ကျူးလွန်နေကြပြီ ဖြစ်သဖြင့် ယင်းနှင့်အတူ တော်လှန်ရေးသည်လည်း ခိုင်မာစွာ အမြစ်တွယ်လာခဲ့သည်။ စစ်တပ်သည် တိုင်းပြည်အပေါ်  ဒဏ်ခတ်လာသည့် စီးပွားရေးပိတ်ဆို့မှုများအပေါ် လားလားမျှ အမှုမထားသည့်အပြင် စေ့စပ်ဆွေးနွေးဖို့လည်း စိတ်ဝင်စားခြင်းမရှိသည့် အနေအထားမျိုးကြောင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်အုပ်ချုပ်ရေးကို မိမိတို့ဘာသာ မိမိတို့ အဆုံးသတ်နိုင်တော့မည့် အလားအလာများ ပေါ်ထွက်လာနေပြီ ဖြစ်သည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013