DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် လနှင့်ချီ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
September 2, 2025
ဝက်လက်မြို့နယ်တွင် လနှင့်ချီ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ပြည်သူများ အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်း​​၊ ဝက်လက်မြို့နယ်မှာ လနဲ့ချီပြီး လျှပ်စစ်မီးပြတ်တောက်နေလို့ ပြည်သူတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝက်လက်မြို့ခံ ပြည်သူတယောက်က “ကျနော်တို့ ဝက်လက်မြို့နယ်တခုလုံးမှာ လျှပ်စစ်မီးပျက်နေတာ ၁ လခွဲလောက် ရှိနေပြီ။ ၇ လပိုင်း လလယ်လောက်ကတည်းကပါ။ မြို့ပေါ်ကော မြို့နယ်ထဲက ကျေးရွာတွေက ပြည်သူတွေကော သောက်ရေ သုံးရေကအစ ဖုန်းတို့ ဓာတ်မီးတို့ အားသွင်းဖို့တောင် အခက်အခဲတွေ အများကြီးဖြစ်နေတယ်။ ဆီစက်၊ ဆန်စက် လုပ်ငန်းရှင်တွေလည်း မလည်ပတ်နိုင်ဘူး။ လျှပ်စစ်မီးကို အမှီပြု အဓိကထားပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေ အတော်များများ ရပ်နားနေရတယ်။ လုပ်ငန်းသေးတဲ့ တချို့လုပ်ငန်းရှင်တွေကတော့ မီးစက်တွေနဲ့ပေါ့။ ဒါပေမဲ့လို့ မီးစက်နဲ့ဆိုတော့ ကုန်စျေးနှုန်းက ထပ်တက်သွားတာပေါ့” လို့ ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဝက်လက်မြို့ပေါ်က ရပ်ကွက်ကြီး ၃ ခုအပြင် ကျေးရွာအုပ်စု ၇၂ အုပ်စုနဲ့ ကျေးရွာပေါင်း ၂၃၀ နီးပါးက ပြည်သူတွေအားလုံး လျှပ်စစ်မီး အခက်အခဲ ဖြစ်နေကြတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်ထဲကို စစ်ကိုင်းမြို့အနီးမှာရှိတဲ့ အုန်းတော လျှပ်စစ်ဓာတ်အားခွဲရုံကနေ လျှပ်စစ်ဓာတ်အား ပို့လွှတ်တာလို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုလရောင်က “ကျန်ခဲ့တဲ့ ၂ လလောက်မှာ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ကြတော့ နှစ်ဖက်ပစ်ခတ်မှုတွေအ​တွင်း အဲဒီ အုန်းတောဓာတ်အားခွဲရုံထဲက ထရမ်စဖော်မာကို ထိတယ်လို့လည်း သိရတယ်။ စစ်တပ်ဘက်က လေယာဥ်နဲ့ လာပစ်တုန်းက ထိတာလို့လည်း သိရတယ်။ သတင်းကတော့ ၂ မျိုးထွက်နေတယ်။ အတိအကျတော့ အတည်ပြုနိုင်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတုန်းကတော့ ရွှေဘိုမြို့နယ်ကော၊ ဝက်လက်မြို့နယ်ကော ၂ ခုလုံး မီးပျက်ခဲ့တာ” လို့  ပြောပါတယ်။

အဆိုပါ ပျက်စီးသွားတဲ့ ဓာတ်အားခွဲရုံထဲက ထရမ်စဖော်မာကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းမှာ လျှပ်စစ်တာဝန်ရှိသူတွေက ပြန်လည်ပြင်ဆင်ပြီး ရွှေဘိုမြို့နယ်ကို လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ခဲ့ပေမဲ့ ဝက်လက်မြို့နယ်ကိုတော့ အခုချိန်အထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တာဝန်ခံ ဗိုလ်ကောက်ရိုးက “ရွှေဘိုမြို့နယ်ထဲမှာ မီးပျက်ခဲ့တာ လဝက်လောက်ပဲကြာတယ်။ အခုဆို မီးပြန်လာနေတာ ၁ လလောက်တောင် ရှိနေပြီ။ ဝက်လက်မြို့နယ်ထဲမှာပဲ မီးပျက်နေတာ” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း​၊ ရွှေဘို၊ ဝက်လက် စတဲ့မြို့နယ်တွေထဲကို မကြာခဏ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့လည်း စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013