DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ယခုနှစ်အတွင်း ပြည်သူ ၁၀၀ ကျော် သေဆုံး 
DVB
·
September 1, 2025
ကရင်နီတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ယခုနှစ်အတွင်း ပြည်သူ ၁၀၀ ကျော် သေဆုံး 
Donate to DVB

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသအတွင်းမှာ စစ်တပ်ရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်၊ ဒရုန်းရန်ကြောင့် ၂၀၂၅ ခုနှစ်အတွင်း ဒေသခံ ပြည်သူ ၁၀၆ ယောက် သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်အင်အားစု (PKPF) က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

PKPF ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီက စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သား ပြည်သူရှိတဲ့ နေရာတွေမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်တာမလို့ လူထုတွေ အသေအပျောက် များတာပေါ့နော်။ အရင်လအတွက် စာရင်းအရဆိုရင် ဖားဆောင်းမြို့နယ် မော်ချီးဒေသက အများဆုံး အသေအပျောက်စာရင်းထဲမှာ ရှိတာပေါ့နော်” လို့ ပြောပါတယ်။

သြဂုတ်လ တလတာအတွင်း မော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ အယောက် ၃၀ ကျော်အထိ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားသလို နေအိမ်နဲ့ ဆေးရုံအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း အကြိမ် ၃၂၀ အထိ ရှိပြီး တိုက်ပွဲပေါင်း ၁၃၄ ကြိမ် ဖြစ်ပွားခဲ့ကာ ခုလက်ရှိအချိန်အထိလည်း ကရင်နီ ဖားဆောင်း၊ ဒီးမော့ဆို၊ ဖရူဆိုဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်မှု၊ ဒရုန်းနဲ့ ဗုံးကြဲမှုတွေကြောင့် နေအိမ် ၃၂၄ လုံး၊ ဆေးရုံ ဆေးခန်း ၃ ခု၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁ ရက် ဒီနေ့မနက်ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် အပါအဝင် ပြည်သူ ၃ ယောက် ထိခိုက်မိတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဒီမနက် ၈ နာရီခွဲလောက်မှာ Y12 လေယာဥ်နဲ့ စစ်ရှောင်ပြည်သူတွေရှိရာကို ဗုံး ၂ လုံး ကြဲတာကြောင့် စစ်ရှောင်ကလေးငယ် ၂ ယောက်နဲ့ စစ်ရှောင်အမျိုးသမီးတယောက် ထိခိုက်မိတယ်လို့ သိရပါတယ်။

စစ်ရှောင်အမျိုးသားတယောက်က “ဒီးမော့ဆိုမြို့နယ်၊ ဒေါရောခူအုပ်စုမှာ လာချသွားတာ။ တိုက်ပွဲနဲ့လည်း မနီးပဲ လာကြဲတော့ လန့်ရတာပေါ့။ လေယာဥ်သံကြားတာနဲ့ ကြောက်နေရတယ်” လို့ ပြောပါတယ်။

ထိခိုက်မိသူတွေက အသက် ၁၂ နှစ်အရွယ် ကလေး ၂ ယောက်နဲ့ အသက် ၅၀ ​ကျော် အမျိုးသမီးတယောက် ဖြစ်တယ်လို့ သိရပြီး တဲအိမ်အနည်းငယ် ထိမှန်တယ်လို့ ဆိုပါတယ်။

စစ်တပ်က သြဂုတ်လထဲ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးတာတွေ ရှိနေတာပါ။

သြဂုတ်လထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မော်ချီးက ဒေသခံနဲ့ စစ်ရှောင်ပြည်သူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013