DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရှမ်းလူငယ် ၆ ဦးက ထိုင်းကျောင်းသားများကို ဓားဖြင့်လိုက်ခုတ် 
DVB
·
September 1, 2025
ချင်းမိုင်တွင် ရှမ်းလူငယ် ၆ ဦးက ထိုင်းကျောင်းသားများကို ဓားဖြင့်လိုက်ခုတ် 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံသား ရှမ်းလူငယ် ၆ ယောက်က ထိုင်းတက္ကသိုလ် ကျောင်းသားလူငယ်တွေကို ဓားနဲ့လိုက်ခုတ်တာကြောင့် တယောက် ဒဏ်ရာရသွားတယ်လို့ CM108 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဩဂုတ် ၂၉ ရက် မနက် ၃ နာရီခွဲလောက်က ချင်းမိုင်မြို့  ချန့်မွဲ့ရပ်ကွက် ဈေးကြီးနားမှာ လူငယ်တယောက် ဓားခုတ်ခံရကြောင်း တိုင်ကြားချက်ရတဲ့အတွက် အခင်းဖြစ်တဲ့ နေရာကို သွားရောက်စစ်ဆေးပြီး ကျူးလွန်သူတွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့  ချင်းမိုင် ဖူးထွဏ်းနယ်မြေရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ 

ဓားခုတ်ခံရတဲ့ဘက်က တိုင်ကြားချက်အရ  သူတို့တွေဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြောင်း၊ သူတို့ ၆ ယောက်ဟာ လူငယ်တို့သဘာဝ  နမ့်ပင်းမြစ် ကျန်းဆုံတံတားနားလမ်းလျှောက်နေတုန်း  ရွှေ့ပြောင်းအလုပ်သမားလူငယ် ၆ ယောက်‌ ဈေးကြီးဘက်ကနေ ရောက်လာပြီး ရန်ပြုကာ ဓားနဲ့လိုက်ခုတ်တယ်လို့  ဆိုပါတယ်။

သူတို့အနေနဲ့ အဆိုပါရွှေ့ပြောင်းလူငယ်တွေနဲ့ ရန်ငြိုးရန်စမရှိ၊ အသိအကျွမ်းလည်းမဟုတ်ကြောင်း သက်သက် ရန်စခံရပြီး ဓားနဲ့လိုက်ခုတ်လို့ ထွက်ပြေးရတယ်၊ ဒါပေမဲ့ အသက် ၁၉ နှစ်ရွယ် နိုင်းဆုသိထဘန်းကတော့ ကိုယ်ခန္ဓာမှာ ဓားခုတ်ရှရာရသွားတယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက မျက်မြင်သက်သေတွေကို မေးမြန်းပြီး စီစီကင်မရာကနေတဆင့်လည်း ထွက်ပြေးသွားတဲ့ လူငယ်တွေနောက် လိုက်လံဖမ်းဆီးရာမှာ နေ့မကူးခင်မှာဘဲ ၅ ယောက်ကို သူတို့ကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ ဟွန်ဒါဆိုင်ကယ် ၂ စီး၊ အရှည် ၁ ပေကျော်ရှိ ဓားတလက်၊ စီစီကင်မရာထဲ ဝတ်ထားတဲ့ အဝတ်အစား စတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်တယ်လို့ ချင်းမိုင် ဖူးထွဏ်းနယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါလူငယ် ၅ ယောက်မှာ အောင်ငင်း (၂၀ နှစ်)၊ စိုင်းမန်ခေး (၁၉ နှစ်)၊ စိုင်းထို့ (၁၉ နှစ်)၊ စိုင်းဟန် (၂၀ နှစ်)၊ ကျိန်းစန် (၁၉ နှစ်) တို့ဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့ စိုင်းကျွမ်မိုင် ခေါ် ဒမ်  (၂၂ နှစ်) ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်၊ သူတို့ ၆ ယောက်လုံးဟာ မြန်မာပြည်က ရှမ်းလူငယ်တွေလို့  ဆိုပါတယ်။

ဖမ်းမိတဲ့ လူငယ် ၅ ယောက်ဟာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားတယ်၊ သူတို့လည်း အဲဒီထိုင်း လူငယ်တွေနဲ့ မသိဘူး၊ သူတို့ကို ရန်ပြုမယ်ထင်လို့ လုပ်ရတာ၊ သူတို့လည်း အဲဒီညက အရက်မူးပြီး သွေးကြွနေတာကြောင့် အဲလိုလုပ်ရတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ ၅ ယောက်ကို တပါးသူထိခိုက်ဒဏ်ရာရအောင် အုပ်စုဖွဲ့အကြမ်းဖက်မှု၊ အများ ဆိုင်ရာနေရာမှာ ခွင့်ပြုချက်မရဘဲ လက်နက် (ဓား) ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်၊ ထွက်ပြေးလွတ်မြောက်နေတဲ့ နောက်တယောက်ကိုလည်း ဖမ်းဆီးရမိဖို့ ဆက် လက်စုံ စမ်းနေတယ်လို့   ဖူးထွဏ်းနယ်မြေ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသွားပါတယ်။ 

Source : CM 108 News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013