DVB Logo
Home
မြန်မာသတင်း
ဆစ်ဒနီမာရသွန်ပြိုင်ပွဲ၌ မြန်မာဝတ်စုံဖြင့် ဝင်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီး ၁ ဦး ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်
DVB
·
September 1, 2025
Featured image for post 722018
1 / 4
Donate to DVB

ကမ္ဘာတဝန်းက အပြေးသမားတွေ သောင်းနဲ့ချီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဆစ်ဒနီမာရသွန် အပြေးပြိုင်ပွဲကြီးမှာ မြန်မာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မင်းသားကြီး  ဦးကျော်သူရဲ့  သမီးဖြစ်သူ မမြင့်မိုရ်ဦးက ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ  ဩဂုတ် ၃၁ ရက်က ကျင်းပတဲ့ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲမှာ  မမြင့်မိုရ်ဦးက မြန်မာဝတ်စုံရင်ဖုံးအင်္ကျီ၊ ထဘီနဲ့ ပဝါခြုံကာ ဝင်ရောက် အပြေးပြိုင်ခဲ့တာလို့ သွားရောက်အားပေးသူ တယောက်က ပြောပါတယ်။

အခုလိုဝင်ပြိုင်ရတာက မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ မြန်မာနိုင်ငံအကြောင်း ကမ္ဘာက သိစေဖို့ ရည်ရွယ်တာလို့ မမြင့်မိုရ်ဦးက ပြောပါတယ်။

“အဓိကက၊ Guinness book (ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်) မှာ ပါသွားပြီး မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာက သိစေချင်လို့၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မီးမောင်းထိုးပြချင်လို့ပေါ့လေ။ မြန်မာဝတ်စုံနဲ့ဆိုတော့ ပြေးရတာ နည်းနည်းတော့  ခက်တာပေါ့။ ပြေးရတာကလည်း  ၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ မိုင်) လောက်ကြီး ပြေးရတာဆိုတော့ ပန်းတော့ ဝင်နိုင်ခဲ့တယ်။ Range ဘယ်လောက်ဝင်တယ်ဆိုတာတော့ မသိသေးပေမဲ့ ၄ နာရီ ၁၂ မိနစ်မှာ ပန်းဝင်နိုင်ခဲ့ပါတယ်။ အရင်တုန်းက ပြေးနေကျ စံချိန်ထက်တော့ ပိုသွားတာပေါ့။ ဒါကလည်း မြန်မာဝတ်စုံနဲ့မလို့ ထင်ပါတယ်။ ပြေးနေစဉ်မှာလည်း လူတွေက လာလာမေးကြတယ်။ ဘာဝတ်စုံလဲ၊ ဘာကြောင့်လဲဆိုတာတွေကို လမ်းတလျှောက်လုံးမှာ ဖြေနေရတာက  နှေးသွားရတဲ့ အကြောင်းပေါ့။”

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်မှာတော့  မြန်မာဝတ်စုံဝတ်ပြီး အမြန်ဆုံး မာရသွန်ပြေးသူ၊ မြင့်မိုရ်ဦး ၄:၁၂:၁၉ လို့  မှတ်တမ်းတင်ထားပါတယ်။

မမြင့်မိုရ်ဦးက ပရဟိတ မင်းသားကြီး အကယ်ဒမီ (ဦး) ကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီး တယောက် ဖြစ်ပြီး၊ သူဟာ ဆစ်ဒနီမြို့မှာ နေထိုင်နေသူတယောက် ဖြစ်ပါတယ်။

အခုလို မြန်မာကို ကမ္ဘာကသိအောင် လုပ်ပြနိုင်ခဲ့တဲ့တွက် ဝမ်းသာကျေနပ်ဂုဏ်ယူမိတယ်လို့လည်း ပြောပါတယ်။ 

မမြင့်မိုရ်ဦးက “သူတို့ကိုလည်း အခုလိုဝတ်စုံနဲ့ ပြိုင်မယ်ဆိုတာတော့ကြိုပြီး သတင်းပို့ထားရပြီ ဓာတ်ပုံလည်း ပြထားရတယ်။ ဒါပေမဲ့ ပြေးတဲ့ ရှူးဖိနပ်တော့ ဝတ်ရတာပေါ့။ ဝင်ပြိုင်တဲ့သူက များတော့ တော်တော်လေးတော့ အားထုတ်ရတာပေါ့။ Guinness book မှာ ပါဖို့ကတော့ စာရင်းအရင်သွင်းထားရတာပေါ့။ သူတို့အဖွဲ့က လက်ခံကြပါတယ်။ အင်တာဗျူးလည်း လုပ်ချင်တယ်လို့ ပြောကြပါတယ်။ ကျမက နောက်တနေ့အလုပ် ဝင်ရမှာမလို့ မအားသေးဘူးလို့တော့ ပြောထားပါတယ်။ ဘာပဲပြောပြော မြန်မာကို ကမ္ဘာကသိအောင် ကိုယ်တတ်နိုင်သလောက် လုပ်ပြနိုင်ခဲ့တာကို ကျေနပ်ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။

ဒီပွဲမာရသွန်ပြေးပွဲကို ဩစတြေးလျ အလုပ်အကိုင်နှင့် ခရီးသွားရေးဝန်ကြီးကိုယ်တိုင် တက်‌ရောက်အားပေးခဲ့ပြီး ပြိုင်ပွဲမှာ ပန်းတိုင်ရောက်အောင်ပြေးပြီးသူတွေကို  Six Star Medal ဆုတွေ ချီးမြှင့်ခံပါတယ်။

ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်းစုံက အပြေးသမားပေါင်း ၃၅,၀၀၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ အီသီယိုးပီးယားနိုင်ငံက အပြေးသမား ဟေလီမာယမ်ကိုင်ရို့စ်က အမျိုးသားပြိုင်ပွဲမှာ ဗိုလ်စွဲသွားပြီး နယ်သာလန်နိုင်ငံက အိုလံပစ်ချန်ပီယံ အပြေးမယ် ဆီဖန်ဟတ်စ်ဆန်ကတော့ အမျိုးသမီးပြိုင်ပွဲမှာ ဗိုလ်စွဲသွားတယ်လို့ ဩစတြေးလျသတင်းတွေမှာ ဖော်ပြပါတယ်။

ဆစ်ဒနီမာရသွန် (Sydney Marathon) ပြေးပွဲမှာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိပြီး ၂၀၀၁ ခုနှစ်က ဆစ်ဒနီ အိုလံပစ်ပြိုင်ပွဲအပြီး “Sydney Running Festival” အဖြစ် စတင်ခဲ့တာပါ။

အခုအခါ ဆစ်ဒနီ မာရသွန်အဖြစ် လူသိများလာပြီး  ၂၀၂၅ နှစ်မှာတော့ World Athletics Platinum Label Marathon အဆင့် ရရှိထားကာ “World Major Marathon” ပြိုင်ပွဲတခုအဖြစ် ဝင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ‌သိရပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013