
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး GMMTV ထုတ်လုပ်ရေးနဲ့ Nar-ra-tor တို့ ပူးပေါင်းထုတ်လုပ်နေတဲ့ “Scarlet Heart Thailand” ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်မှာ မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံ တွေကို သုံးစွဲထားတာနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ ပရိသတ်တွေက ကန့်ကွက်နေကြပါတယ်။
လက်ရှိအချိန်အထိ change.org မှာ အဲဒီရုပ်ရှင်ကို ကန့်ကွက် လက်မှတ်ရေးထိုးသူ ၃၄,၀၀၀ ကျော် အထိ ရှိလာပြီ ဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းတွဲဟာ တရုတ်စာရေးဆရာမ Tong Hua ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ်ဖြစ်ပြီး တရုတ်ရုပ်ရှင်စီးရီးမှာလည်း လူကြိုက်များခဲ့တဲ့အတွက် ကိုရီးယားရုပ်ရှင်စီးရီးအဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ခဲ့တဲ့စီးရီးတခုလည်း ဖြစ်ပါတယ်။
အခု ထိုင်းနိုင်ငံက ထိုင်းရုပ်ရှင်စီးရီးအဖြစ်ပြန်လည်ရိုက်ကူးရာမှာ ထည့်သွင်းအသုံးပြုထားတဲ့ ရိုးရာဝတ်စုံတွေနဲ့ ဆီမီးခွက်အကပြကွက်တွေမှာ မူလထိုင်း ဒါမှမဟုတ် လန်နားတော်ဝင် ရိုးရာဓလေ့ တွေနဲ့ သမိုင်းကြောင်းအရ လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံ အပြင်အဆင်နဲ့ ရခိုင်ရိုးရာဆီးမီးခွက်အကတွေနဲ့ သွားတူနေတာကြောင့် ထိုင်းမြန်မာရုပ်ရှင် ပရိတ်သတ်တွေက ဝေဖန်ထောက်ပြနေကြတာပါ။
အခုလို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် အဝတ်အထည်တွေကို အသိအမှတ်ပြုမှု ဒါမှမဟုတ် ခရက်ဒစ်ပေးခြင်း မရှိဘဲ ထိုင်းရိုးရာဝတ်စုံတွေအဖြစ် တင်ဆက်နေတာဟာ ကမ္ဘာတဝန်းရှိ ပရိသတ် တွေကို လမ်းကြောင်းလွဲမှားစေပြီး ယဉ်ကျေးမှုဆိုင်ရာတွေကို လွဲမှားမှတ်ယူမှု ဖြစ်ပေါ်စေတယ်လို့ တောင်းဆိုသူတွေက ထောက်ပြထားပါတယ်။
ဒါကြောင့် GMMTV ထုတ်လုပ်ရေးအနေနဲ့ အဲဒီ ဝတ်စုံဒီဇိုင်းတွေကို ချက်ချင်း ပြန်လည် စစ်ဆေး ပြင်ဆင်ဖို့၊ ယဉ်ကျေးမှုဆိုင်ရာ လွဲမှားတင်ဆက်မှုအတွက် တရားဝင် လူသိရှင်ကြား တောင်းပန်ရန်၊ နောက်ဆုံးထွက်ရှိမဲ့ ဇာတ်ကားမှာ မြန်မာ့နန်းတွင်းဝတ်စုံ သက်ရောက်မှုရှိကြောင်း ဇာတ်ဝင် ခရက်ဒစ်မှာ ရှင်းလင်းဖော်ပြဖို့နဲ့ နောင်လာမဲ့ ကြော်ငြာတွေမှာ မှားယွင်းစွာ တံဆိပ်ကပ်မှုတွေ မပြုလုပ်ဖို့ အဆိုပါ အွန်လိုင်း လက်မှတ်ရေးထိုးလှုပ်ရှားမှုမှ တဆင့် တောင်းဆိုထား ပါတယ်။











