DVB Logo
Home
မြန်မာသတင်း
မြန်မာဝတ်စုံကိစ္စ အမျိုးသားရေးဝါဒီများ အမြတ်ထုတ်နေဟု ထိုင်းပညာရှင် သတိပေး 
DVB
·
October 26, 2026
Photo: GMMTV
Photo: GMMTV
Donate to DVB

ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီ GMMTV က ရိုက်ကူး ထုတ်လွှင့်မဲ့ “Scarlet Heart Thailand” ဇာတ်လမ်းတွဲမှာ မြန်မာ့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုတွေကို အသုံးပြုထားတဲ့အပေါ် မြန်မာပြည်သူတွေရဲ့ ဝေဖန်မှုတွေ တစတစ ကြီးထွားလာနေပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပြည်သူတွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိခိုက်အောင် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးက အမျိုးသားရေး ဝါဒီတွေဟာ အမြတ်ထုတ် အသုံးချနေကြတယ်လို့ မြန်မာအရေး ကျွမ်းကျင်သူ ထိုင်းပညာရှင်တဦးက သတိပေးပြောပါတယ်။

ဒီလို အငြင်းပွားမှုဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို အသုံးပြုပြီး ထိုင်းနိုင်ငံက အမျိုးသားရေးဝါဒီ အုပ်စုတွေဟာ မြန်မာလုပ်သားတွေကို “ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်တွေကို လုယူနေကြတယ်” လို့ စွပ်စွဲပြောဆိုချက်တွေကို ပိုမိုတွန်းအားပေး လုပ်ဆောင်နေကြတယ်လို့ Kasetsart တက္ကသိုလ်လူမှုသိပ္ပံဌာနမှ မြန်မာ့အရေးကျွမ်းကျင်သူ လက်ထောက်ပါမောက္ခ လာလိတာဟာန်ဝေါင်းက ပြောဆိုကြောင်း Khaosod ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

မြန်မာစစ်အာဏာရှင်ကလည်း စစ်ဘေးနဲ့ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ လူငယ်တွေကို ပြန်လာစေချင်တာကြောင့် ဒီကိစ္စကို အမြတ်ထုတ်နေတာလို့လည်း သူက ဆိုပါတယ်။

အခုလို ထိုင်းရုပ်သံဇာတ်လမ်းတွဲထဲက ရိုးရာယဉ်ကျေးမှု ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေအနေနဲ့ ဒေါသထွက်ပိုင်ခွင့် ရှိပေမဲ့လည်း နှစ်ဖက်စလုံးက မသမာတဲ့ ရည်ရွယ်ချက်ရှိသူတွေရဲ့ အမြတ်ထုတ် လှည့်ဖြား ကြိုအးကိုင်မှုကို မခံရစေဖို့တော့ သတိပြုသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် လက်ထောက်ပါမောက္ခ လာလိတာက GMMTV ကုမ္ပဏီအနေနဲ့ တင်းမာမှုတွေကို “အမြန်ဆုံး လျှော့ချနိုင်ဖို့” အတွက် မြန်မာ့ဝတ်စုံနဲ့ ယဉ်ကျေးမှုကို ကိုယ်ပိုင်အဖြစ် ရယူသုံးစွဲဖို့ ရည်ရွယ်ချက်မရှိကြောင်းကို ပိုမိုရှင်းလင်း ပြတ်သားတဲ့ ထုတ်ပြန်ချက်တခု ထပ်မံ ထုတ်ပြန်ပေးဖို့နဲ့ နောင်မှာလည်း ထိုက်တန်တဲ့ အသိအမှတ်ပြုမှု (Credit) ပေးသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

အငြင်းပွားမှုတွေ ဆက်လက်ရှိနေချိန်မှာပဲ အောက်တိုဘာ ၂၄ ရက်က “Scarlet Heart Thailand” ရုပ်ရှင်ဇာတ်လမ်း ပွဲဦးထွက်အခမ်းအနားအတွက် လက်မှတ်တွေဟာ တနာရီအတွင်း ရောင်းကုန်သွားခဲ့ ပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013