DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ စည်းလုံးညီညွတ်၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်မှု ပြန်ရရေးထောက်ခံဟု တရုတ်သမ္မတ ပြော  
DVB
·
August 31, 2025
Featured image for post 721901
1 / 2
Donate to DVB

မြန်မာနိုင်ငံ စည်းလုံးညီညွတ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများစွာကို စုစည်းကာ တည်ငြိမ်မှုနဲ့  ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေး  ထောက်ခံတယ်လို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့  သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းက တီယန်ကျင်းမြို့ရှိ ထျန်းကျင်း ဧည့်ဂေဟာမှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်က “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက  မြန်မာနိုင်ငံအခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းတာ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်တာကို အားပေးထောက်ခံနေတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ငလျင်အပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံ စည်းလုံးညီညွတ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများစွာကို စုစည်းပြီး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးကိုလည်း ထောက်ခံနေတယ်”လို့ ပြောပါတယ်။

၂ နိုင်ငံ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကစီမံကိန်းတွေကို တွန်းအားပေးပြီး စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားကြရမှာဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးတွဲတိုက်ဖျက်တာ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွထိန်းသိမ်းပြီး မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းမှဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ရဲ့ စိတ်ဓာတ်ကို ပြန့်ပွားပြီး ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာစနစ်အား  ပူးပေါင်းကာကွယ် သွားကြရမှာဖြစ်ကြောင်း တရုတ်သမ္မတက ပြောပါတယ်။

ဒါ့အပြင် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အရှေ့ပိုင်းစစ်မျက်နှာရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တယ်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အရေးပါတဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်တယ်၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဟာ ပြည်သူမှ စတင်အမြစ်တွယ်ပြီး နှစ်ပေါင်းရှည်ကြာပေမဲ့ ပိုမိုသစ်လွင်လာတယ်၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်ကို သော့ချက်အဖြစ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ပြီး အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်ရာမှ နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဥ်းပေးမယ်လို့ ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  တရုတ်နိုင်ငံဟာ အစဥ်အမြဲ မြန်မာ့အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းဖြစ်ကြောင်း၊ ‌ မြန်မာ့စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်အကူအညီတွေ ပေးနေကြောင်း၊ ငလျင်အပြီး ပြန်လည် တည်ဆောက်ရေးကို ထောက်ပံ့ပေးကြောင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy)ကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံနဲ့အတူ အရည်အသွေးမြင့် “Belt and Road” ကို ပူးတွဲတည်ဆောက်ဖို့၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံစတဲ့ နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ ချဲ့ထွင်ကာ နှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးပြုမှုတွေ ပိုမိုဆောင်ကြဉ်းပေးသွားဖို့ ဆန္ဒရှိကြောင်း ပြောသွားပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးသတင်းထုတ်ပြန်ချက်မှာတော့  နိုင်ငံတကာမျက်နှာစာမှာ တရုတ်နိုင်ငံရဲ့  မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးတဲ့ကိစ္စနဲ့ ဒီဇင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာဘက်က စစ်ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေနဲ့ သံအမတ်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး တရုတ်နိုင်ငံဘက်က  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး  မစ္စမာကျားတို့ တက်ရောက်ကြပါတယ်။

မြန်မာ စစ်ခေါင်းဆောင်ဟာ ၂၀၂၅ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး၊ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013